မန်ချက်စတာယူနိုက်တက်အသင်းက အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့အတွက် ကြိုးပမ်းလျက်ရှိနေပြီး ကစားသမားဘက်က အလိုရှိနေတဲ့ လုပ်ခလစာပိုင်းကိုလည်း ညှိနှိုင်းလျက်ရှိနေပေမယ့် တကယ်လို့ စာချုပ်ကိစ္စက အဆင်မပြေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့်လည်း ကစားသမားဘက်ကတော့ သူ့အတွက် တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းနဲ့ ကမ်းလှမ်းလာမှသာ သက်တမ်းတိုးသွားမယ်လို့ တောင်းဆိုထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဘက်က ပေါ့ဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းသွားမှာ ဖြစ်ပေမယ့်လည်း သက်တမ်းတိုးမယ့်ကိစ္စမှာ အဆင်မပြေမှုတွေ ရှိလာမယ်ဆိုရင်တော့ ပေါ့ဘာကို နောက်တစ်ကြိမ် စွန့်လွတ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာကို ရောင်းချဖို့ ပြင်ဆင်လို့နေပြီး အသင်းမှာ လုပ်ခလစာ အများဆုံးဖြစ်နေတဲ့ ဒီဂီယာကိုသာ ရောင်းချနိုင်ခဲ့မယ်ဆိုရင် ပေါ့ဘာအလိုရှိနေတဲ့ လစာဝန်းကျင်လောက်ကို ပေးချေသွားဖို့ အခြေအနေကောင်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်ကနေသာ စာချုပ်သစ်ကမ်းလှမ်းမှုအပေါ် လက်မခံသလိုတွေ ရှိလာခဲ့မယ်ဆိုရင်တော့ အသင်းဘက်ကနေ ထပ်ပြီးကြိုးပမ်းတော့မှာမဟုတ်ပဲ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတစ်သင်းသင်းဆီ ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါ့ဘာကိုသာ အသင်းကနေ ရောင်းထုတ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ ပြန်အစားထိုးသွားဖို့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အဓိကပစ်မှတ်ထားလို့နေပြီး လက်စတာကွင်းလယ်လူ အမ်ဒီဒီနဲ့ အသက်လက်တီကိုမက်ဒရစ်ကနေ ထွက်ခွာလာရဖွယ်ရှိနေတဲ့ စပိန်ကွင်းလယ်လူ ဆာအူးတို့ကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။ ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၇)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

The post သက်တမ်းတိုးမယ့်ကိစ္စ အဆင်မပြေနိုင်ခဲ့ရင် ပေါ့ဘာကို အရောင်းစာရင်းတင်မယ့် ယူနိုက်တက် appeared first on MySport Myanmar.