ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက အသင်းရဲ့ ကစားသမားသစ် လီယွန်နယ် မက်ဆီဟာ မကြာခင်မှာ အသင်းအတွက် ပါဝင် ကစားပေးနိုင်တော့မယ်လို့ အသင်းရဲ့ ပရိသတ်တွေကို သတင်းစကား ပါးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အမှတ်မထင်ပဲ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာ မက်ဆီ ကစားတာကို မြင်ချင်ကြတဲ့ ပရိသတ်တွေကလည်း ထုနဲ့ထေးပါပဲ။

Photo Credit: Standard

မက်ဆီဟာ ဒဏ်ရာပြဿနာ ကင်းရှင်းနေသလို လက်ရှိအချိန် အထိ အသင်းနဲ့ လေ့ကျင့်ခန်း ပုံမှန် ဆင်းနေပေမယ့် ပီအက်စ်ဂျီအသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲစလုံးမှာ ပါဝင်လာခြင်း မရှိတာကြောင့် မက်ဆီရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်မှုတွေ များပြားနေကာ ပိုချက်တီနို ကတော့ မက်ဆီဟာ အသင်းရဲ့ ကစားပုံနဲ့ အံဝင်အောင် အချိန်အနည်းငယ် ယူနေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲ့ဒါအပြင် မက်ဆီဟာ ဩဂုတ်လ ၃၀ရက်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားမယ့် ရိမ်းစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖွယ် ရှိကြောင်း ပိုချက်တီနိုက ဆိုပါတယ်။

Photo Credit: Standard

မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဦးဆုံး ပွဲစဉ်နဲ့ ပတ်သတ်ပြီး ပိုချက်တီနိုက – “ဒီတပတ်က လီယို (မက်ဆီ) အတွက် အရမ်းကို ကောင်းတဲ့ ရက်သတ္တပတ်ပါ။ လာမယ့် ရက်သတ္တပတ်ကတော့ အနည်းငယ် ရှည်ကြာဖို့ ရှိပါတယ်။ အကယ်၍ အားလုံးသာ အဆင်ပြေမယ်ဆိုရင် သူက ကျွန်တော်တို့ရဲ့ လူစာရင်းမှာ လိုက်ပါလာပြီး အသင်းအတွက် ပထမဦးဆုံး ပွဲစဉ်ကို ပါဝင် ကစားပေးနိုင်မှာပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။