ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ မာရီစီယိုပိုချက်တီနိုက မနေ့ညက နူးကမ့်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ သူတို့ရဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အပြင် ပွဲမကစားခင်မှာလည်း ဒီပွဲကို သူတို့သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောဆိုခဲ့ကြောင်း ပြန်လည်ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Marca

မနေ့ညက စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်အတွင်း ဧည့်သည်ပီအက်စ်ဂျီအသင်းက ဘာပေ မွိုက်ကင်းစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်ဘာစီလိုနာအသင်းကို (၁)ဂိုး(၄)ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာ ဒီမာရီယာတို့လို ထိပ်တန်းကစားသမားတွေ ဒဏ်ရာပြသာနာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပေမယ့်လည်း အသင်းရဲ့တိုက်စစ်မှာ ပါဝင်လာခဲ့တဲ့ ဘာပေကတော့ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်မယ့် အခြေအနေကောင်းတစ်ခုကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Football-Espana

ဘာပေနဲ့ပတ်သက်ပြီး ပိုချက်တီနိုက “ပွဲစတင်မကစားခင်မှာ သူကကျွန်တော့်ကို လာမေးတယ်။ နူးကမ့်မှာ ဘယ်နှစ်ကြိမ်လောက် အနိုင်ရခဲ့ဖူးသလဲဆိုပြီး။ ကျွန်တော်ကလည်း တစ်ကြိမ်ပဲ နိုင်ဖူးတယ်လို့ ပြန်ဖြေခဲ့တယ်။ မနက်ဖြန်ည ကစားမယ့်ပွဲကြရင် ဒုတိယမြောက်နိုင်ပွဲကို ရသွားစေရမယ်လို့ သူကပြန်ပြောခဲ့တယ်။ သူက တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ထိပ်သီးဘောလုံးသမားတိုင်းဟာ သူတို့ရဲ့ကစားသမားဘဝကို အကောင်းဆုံးပုံဖော်ကြတတ်တယ်။ သူက တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းပိုင်းတွေ တိုးတတ်ကောင်းမွန်လာတယ်။ အခုလည်း သူရဲ့ဟက်ထရစ်သွင်းဂိုးတွေကြောင့် အများတကာရဲ့အမြင်မှာ ထင်ရှားနေလိမ့်မယ်ဆိုပေမယ့် သူဟာ ခဏတဖြုတ်ပဲ တောက်ပသွားတဲ့သူ မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။ သူက တကယ့်ကို ကမ္ဘာ့အဆင့် ကစားသမားမျိုးပါ။ ဒီညပွဲမှာလည်း သူ့ကို ဘယ်ကစားသမားမှ ယှဉ်မကစားနိုင်ခဲ့ဘူး။ သူ့လို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတဲ့အတွက်လည်း အလွန်ပျော်ရွှင်မိတယ်။ သူကလည်း ပျော်ရွှင်နေတယ်လို့ ကျွန်တော့်ကို ပြောပါသေးတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘာပေဟာ သူရဲ့ကစားသမားဘဝအတွင်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

The post ဘာစီလိုနာအသင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ဘာပေကြိုတင်ပြောဆိုခဲ့ကြောင်း ပိုချက်တီနိုဖွင့်ဟလာ appeared first on MySport Myanmar.