မကြာသေးခင်ကမှ ဘောလုံးပရိသတ်တွေ ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေ ၊ ကစားသမားတွေ ၊ အသင်းပိုင်ရှင်တွေကြားထဲမှာ ရေပန်းစားလာခဲ့တဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲကတော့ လာမယ့် ဘောလုံးရာသီမှာပဲ တရားဝင် စတင် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဥရောပစူပါလိဂ်ပြိုင်ပွဲဟာ ဥရောပရဲ့ နာမည်ကြီးအသင်းတွေ စုပေါင်းပြီး ယှဉ်ပြိုင်ကစားကြမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး လတ်တလော ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအရ ဥရောပစူပါလိဂ်ပြိုင်ပွဲကို အသင်း ၂၀သင်း ပါတဲ့ ပြိုင်ပွဲတစ်ခု အဖြစ် ကျင်းပမှာဖြစ်ကာ အမြဲတမ်းအသင်း ၁၅သင်း ၊ အလှည့်ကျအသင်း ၅သင်း တို့ ပါဝင် ယှဉ်ပြိုင် ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Metro

အဆိုပါ အမြဲတမ်းအသင်း ၁၅သင်းမှာ နာမည်ကြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းအသင်း ၆သင်း ဖြစ်တဲ့ မန်ယူအသင်း ၊ မန်စီးတီးအသင်း ၊ လီဗာပူးအသင်း ၊ အာဆင်နယ်အသင်း ၊ ချယ်လ်ဆီးအသင်း ၊ စပါးအသင်းတို့ ပါဝင်ပြီး စပိန်လာလီဂါမှာဆိုရင် ဘာစီလိုနာအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ အက်သလက်တီကိုအသင်းတို့က ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ကာ စီးရီးအေပြိုင်ပွဲမှ ဂျူဗင်တပ်အသင်း ၊ အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ ပါဝင်ကြပါတယ်။ အဆိုပါအသင်း ၁၂သင်းဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲ အထမြောက်ဖို့ အတွက် ကြိုးစားခဲ့ကြတဲ့ တည်ထောင်သူ အသင်း ၁၂သင်းလို့လည်း ဥရောပအခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။

Photo Credit: Metro

ဥရောပစူပါလိဂ်ကို ကျင်းပမယ့် သတင်းကို ကြားရချိန်မှာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA က ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အသင်းတွေကို လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် လက်ရှိမှာတော့ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ သဘောတူညီထားတဲ့ အသင်းတွေဟာ နောက်ပြန်ဆုတ်မယ့် အနေအထားမှာ မရှိပါဘူး။ နာမည်ကြီး အင်္ဂလန်အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီး ဖြစ်တဲ့ မန်ယူအသင်း ၊ မန်စီးတီးအသင်း ၊ လီဗာပူးအသင်း ၊ စပါးအသင်း ၊ ချယ်လ်ဆီးအသင်း ၊ အာဆင်နယ်အသင်းတို့ဟာ UEFA Association ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရပြီး ဒီလုပ်ရပ်အပေါ် UEFAက ဘယ်လို တုန့်ပြန်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

The post ဥရောပစူပါလိဂ်ကြောင့် UEFA ကနေ နုတ်ထွက်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ကြီး၆ကြီး appeared first on MySport Myanmar.