ဒီနှစ်ဘောလုံးရာသီမှာ ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြရာထူးကို လက်ခံခဲ့ပြီး နည်းပြလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ အန်ဒရေပီယာလိုကတော့ သူရဲ့ဂျုဗင်တပ်စ်နည်းပြဘဝ တာထွက်မှာပဲ အနိမ့်အမြင့် အတတ်အကျပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့နည်းပြရာထူးကိုပါ စွန့်လွတ်ရနိုင်တဲ့ အခြေအနေတွေအထိပါ ရောက်ရှိခဲ့ရသေးပေမယ့် နောက်ဆုံးမှာတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်တော့ စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ကစားသမားဘဝကနေ အနားယူပြီးနောက် ဂျုဗင်တပ်စ်လူငယ်အသင်းကို စတင်နည်းပြရာကနေ ဆာရီနဲ့ လမ်းခွဲခဲ့တဲ့ ဂျုဗင်တပ်စ်စီနီယာအသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြနေရာကို အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ပီယာလိုဟာ သူရဲ့ ဂျုဗင်တပ်စ်နည်းပြဘဝအစမှာ အသင်းအတွက် အီတလီစူပါဖလားနဲ့ ကိုပါအီတလီယာဖလားတွေကို အရယူဆောင်ပေးနိုင်ခဲ့ပေမယ့် စီးရီးအေဘက်မှာတော့ (၉)နှစ်ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စီးရီးအေဆုဖလားကြီးကို အင်တာမီလန်အသင်းဆီ လွဲပြောင်းခဲ့ရသလို အမှတ်ပေးဇယားမှာ Top 4 အောက်ကို ရောက်နေခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရဖို့ထိပါ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Goal

ဒါပေမယ့် ရာသီပိတ်ပွဲစဉ်မှာတော့ ပီယာလိုရဲ့ ဂျုဗင်တပ်စ်အသင်းက ဘိုလော့ဂ်နာကို ဂိုးပြတ်အနိုင်ယူပြီး နာပိုလီကလည်း ဗီရိုနာကို သရေကျသွားခဲ့လို့ အဆင့်(၄)နေရာနဲ့ ဂျုဗင်တပ်စ်အသင်းတို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်လိုက်ရပါတယ်။ အသင်းအတွက် အခုလို စွမ်းဆောင်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ပီယာလိုက “ကျွန်တော်မှာ ဘာအကြောက်တရားမှကို ရှိမနေဘူး။ ဒါကပဲ လေ့ကျင့်ရေးအစီအစဉ်အတွက် ပုံမှန်လုပ်ငန်းစဉ်တွေ ဖန်တီးဖို့ အချိန်အတိုင်းအတာတစ်ခုကို ရစေခဲ့ရတယ်။ နောက်ပြီး အသင်းရဲ့ ကစားသမားတွေဆီကနေ ကျွန်တော် ဘာကိုအလိုရှိနေတာလဲဆိုတာကို နားလည်စေလာခဲ့တယ်။ ချန်ပီယံတချို့နဲ့ အလုပ်တွဲလုပ်ရတာကတော့ သိပ်မလွယ်လှဘူး။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ကူညီပေးကြပါတယ်။ ဒီရာသီက အတော်လေးကို ရှုပ်ထွေးလွန်းလှတဲ့ ဘောလုံးရာသီတစ်ခု ဆိုပေမယ့်လည်း ဒီအခြေအနေကပဲ ကျွန်တော့်ကို ပိုပြီးတိုးတတ်လာစေခဲ့တယ်။ ကျွန်တော်တို့တွေ အချင်းချင်း အပြန်အလှန် ကူညီပေးကြပြီး အသင်းရဲ့ပစ်မှတ်ဆီကို အတူလျှောက်လှမ်းကြခဲ့ရင်း အသင်းက လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာခဲ့ရပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့အားလုံး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရသွားခဲ့ရပါတယ်။ လာမယ့်ရာသီအစမှာသာ ဒီပုံစံအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် ပိုပြီးကို ရလဒ်ကောင်းနိုင်မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post ဂျုဗင်တပ်စ်အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ ပီယာလိုဖွင့်ဟ appeared first on MySport Myanmar.