အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလို ကတော့ ယခု ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ လာမယ့်ရာသီမှာလည်း အသင်းမှာပဲ ဆက်လက် ရှိနေဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၃၆ဂိုး သွင်းယူထားနိုင်ပြီး ၄ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုရဲ့ စွမ်းဆောင်ရည်ဟာ ဂျူဗင်တပ်အသင်းမှာ အမြင့်မားဆုံး စွမ်းဆောင်ရည် ဖြစ်ပေမယ့် ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို လာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ရိုနယ်ဒိုနဲ့ ဂျူဗင်တပ်အသင်းရဲ့ လမ်းခွဲကို မြင်ရဖွယ်ရှိကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။ ယနေ့ညမှာတော့ ရိုနယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲ အဖြစ် ဘိုလော့ဂ်နာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိမှာသာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့် ၄နေရာကို ရရှိဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘိုလော့ဂ်နာအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုနယ်ဒို အသင်းကနေ ထွက်ခွာတော့မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ပီယာလိုက – “နိုး။ ကျွန်တော်ကတော့ သူဟာ ဂျူဗင်တပ်အသင်း ဝတ်စုံကို ဝတ်ပြီး သူ့ရဲ့ အလုပ်အပေါ် အကောင်းဆုံး အာရုံစိုက်နေတာကို မြင်နေရပါတယ်။ သူက အဲ့ဒါကို ကိုပါ အီတာလီယာဖလား ရခဲ့တဲ့ ညမှာ သက်သေပြခဲ့ပြီးပါပြီ။ သူက အသင်း အောင်မြင်မှု ရဖို့ အတွက် အကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်။ မနက်ဖြန် (ဘိုလော့ဂ်နာနဲ့ပွဲစဉ်) အတွက် သူ့ဘက်က အပြည့်အဝ အာရုံစိုက် ကြိုးစားနေတာကို ကျွန်တော် မြင်ပြီးပါပြီ” လို့ ပြောကြား သွားခဲ့တာပါ။

The post ရိုနယ်ဒိုကို ဂျူဗင်တပ်အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေတဲ့ ဂျူဗီနည်းပြ ပီယာလို appeared first on MySport Myanmar.