အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲကြီးရဲ့ ၂၀၂၁ဘောလုံးရာသီကတော့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ အမှတ်ပေးလိဂ် အဖွင့်ပွဲစဉ်မှာတော့ နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာမီအသင်းက သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်ခဲ့ဖူးတဲ့ လော့အိန်ဂျယ်လိစ်ဂလက်ဆီ (အယ်လ်အေဂလက်ဆီ)အသင်းနဲ့ ရင်ဆိုင်ခဲ့ရာ (၂)ဂိုး (၃)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်ဟာ အင်တာမိုင်ယာမီအသင်းရဲ့ ၂၀၂၁ဘောလုံးရာသီ အဖွင့်ပွဲဖြစ်သလို အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းရဲ့နည်းပြဘဝကနေ မိုင်ယာမီနည်းပြသစ်အဖြစ် ပြောင်းလဲလာခဲ့တဲ့ ဖီးလ်နဖီးလ်ရဲ့ ပထမဆုံးသောပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်ကို အသင်းပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းက ဇနီးသည် ဗစ်တိုးရီးယားနဲ့အတူ DRV PNK ကွင်းကြီးအတွင်းမှာ လာရောက်အားပေး ကြည့်ရှုခဲ့ပြီး ဘက်ဟမ်းရဲ့ မိုင်ယာမီအသင်းကို မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဟာနန်ဒက်ဇ်က သွင်းဂိုး(၂)ဂိုး သွင်းယူပြီး အဖွင့်ပွဲမှာ မျက်နှာပန်းမလှအောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကိုတော့ အိမ်ရှင်မိုင်ယာမီအသင်းက ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီးလေးမှာ ရော်ဘီရော်ဘင်ဆန်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မက္ကဆီကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ဒုတိယပိုင်း (၆၂)မိနစ်မှာ ပြန်လည်ချေပခဲ့ပါတယ်။ (၆၈)မိနစ်မှာတော့ မိုင်ယာမီအသင်း ပင်နယ်တီကန်ခွင့် ရရှိခဲ့လို့ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဂွန်ဇာလိုဟီဂွာအင်က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။ ဟီဂွာအင်ဟာ ရော်ဘတ်ဆန်ရဲ့သွင်းဂိုးကိုလည်း သူကိုယ်တိုင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် (၅)မိနစ်အကြာမှာပဲ ဟာနန်ဒက်ဇ်ကပဲ ထပ်မံချေပနိုင်ခဲ့ပြန်ပြီး (၈၁)မိနစ်အရောက်မှာတော့ ဝါရင့်ကွင်းလယ်လူကြီး ကလပ်စ်ဂျန်က အယ်လ်အေဂလက်ဆီအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ရာသီအစမှာ အဖွင့်လှသွားခဲ့ရပါတယ်။ ဒါပေမယ့် ဘက်ဟမ်းနဲ့ နဖီးလ်တို့ရဲ့ အင်တာမိုင်ယာမီအသင်းကတော့ ၂၀၂၁ ဘောလုံးရာသီအစမှာ မျက်နှာပန်းမလှနိုင်ခဲ့ပေမယ့်လည်း ပွဲအတွင်း အချက်အလက်တွေကို ကြည့်ရှုမယ်ဆိုရင် ဧည့်သည်အသင်းထက် တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရသလို တစ်ပွဲလုံးမှာလည်း ဂိုးပေါက်တည့်ကန်ချက်ပေါင်း (၈)ကြိမ်အထိတောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

The post မန်ယူ တိုက်စစ်မှူးဟောင်း ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးတွေနဲ့ အဖွင့်ပွဲကို ရှုံးနိမ့်ခဲ့ရတဲ့ ဘက်ဟမ်းရဲ့ မိုင်ယာမီ appeared first on MySport Myanmar.