ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ဝါရင့် ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုနဲ့ အမေရိကန် နိုင်ငံသား အူဂါတို့ရဲ့ WBA ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာတော့ အူဂါက ပက်ကွီအိုကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အူဂါနဲ့ အသက် ၄၂နှစ် အရွယ် ပက်ကွီအိုတို့ရဲ့ ပွဲစဉ်ဟာ ထင်ထားတာထက် ပိုမို ကောင်းမွန်ခဲ့တဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပြီး အူဂါရဲ့ ထောက်လက်သီးတွေဟာ ပက်ကွီအို အတွက် အခက်အခဲတွေ ဖြစ်ခဲ့သလို ပက်ကွီအိုရဲ့ ပင့်လက်သီးတွေနဲ့ လက်သီးတွဲလုံးတွေကိုလည်း အူဂါက အသည်းအသန် ရှောင်ခဲ့ရတဲ့ အချိန်တွေ ရှိပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် အသက်အရွယ် ကွာဟချက်ကြောင့် အူဂါဟာ ပွဲချိန် ကြာလာတာနဲ့အမျှ ပက်ကွီအိုကို အသာစီး အနေအထားနဲ့ ထိုးသတ်လာနိုင်ပြီး အဆုံးသတ်မှာတော့ ဒိုင်အဆုံးအဖြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရကာ သူ့ရဲ့ ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ချန်ပီယံခါးပတ်လုပွဲမှာ အူဂါကို ရှုံးနိမ့်ပြီးနောက် ပက်ကွီအိုက သူ့ရဲ့ ခန္ဓာကိုယ်ဟာ ယခင်ကလို မမြန်ဆန်တော့ကြောင်း ဝန်ခံသွားခဲ့သလို သူ့ရဲ့ ခြေထောက် ရွေ့လျားမှုတွေ နှေးကွေးသွားတာကြောင့် အူဂါကို ရှုံးနိမ့်ခဲ့ရတာပါလို့ ဆိုသွားပါတယ်။

Photo Credit: Sky Sports

အဲ့ဒါအပြင် ပက်ကွီအိုက အသက်အရွယ်အရ သူဟာ လက်ဝှေ့လောကကို စွန့်ခွာဖို့ တဖြည်းဖြည်း နီးကပ်လာကြောင်းနဲ့ အူဂါကို ရှုံးနိမ့်ပြီးနောက် သူ့ရဲ့ လက်ဝှေ့လောက ကနေ အပြီးတိုင် အနားယူနိုင်ချေဟာ ၆၀ရာခိုင်နှုန်း အထိ ရှိလာကြောင်း ဖွင့်ဟ ပြောကြားသွားပါတယ်။

ဒါပေမယ့် ဘွတ်ကီဒိုင်တွေ ကတော့ ပက်ကွီအိုဟာ လက်ဝှေ့လောက ကနေ အနားယူဖွယ် မရှိသေးပဲ နာမည်ကျော် UFC ကစားသမား မက်ဂရီဂေါ်နဲ့ ပက်ကွီအိုတို့ရဲ့ တွဲဆိုင်းကို မကြာခင်မှာ မြင်တွေ့ရနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။