ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ မီဆွတ်အိုဇေးလ် ကတော့ ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ အတွက် သေချာသလောက်နီးပါး ရှိနေပြီ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ဂျာမန် လက်ရွေးစင်ဟောင်း အိုဇေးလ်ဟာ အာဆင်နယ် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား တစ်ဦးဖြစ်ပေမယ့် အသင်းနဲ့ အဆင်မပြေမှုတွေကြောင့် ပွဲထွက်ခွင့် မရတာဟာ ၈လနီးပါး ကြာနေပြီ ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တဲ့ ကစားသမားပါ။

Photo Credit: Express

ဒါပေမယ့် ယနေ့ ညနေပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အိုဇေးလ်ဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး တူရကီ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ဖီနာဘာချီအသင်းနဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းတို့ဟာ အိုဇေးလ်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးဖြစ်တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှသာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပေမယ့် အာဆင်နယ် အသင်းနဲ့ နီးစပ်သူတွေ ကတော့ အာဆင်နယ် အသင်းဟာ အိုဇေးလ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို မပေးချေချင်တာကြောင့် အသင်းကနေ ထွက်ခွာချင်ပါက ထွက်ခွာနိုင်ကြောင်း ခွင့်ပြုပေးထားတယ် လို့ ဆိုထားပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ အိုဇေးလ်ကို ခေါ်ယူဖို့ အတွက် ဖီနာဘာချီ အသင်းက ရေပန်းအစားဆုံး ဖြစ်နေပြီး တူရကီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Demiroren News Agencyရဲ့ ဖော်ပြချက် အရ အိုဇေးလ်ဟာ ဖီနာဘာချီ အသင်းထံ ၃နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ကာ တစ်နှစ်လုပ်ခ ယူရို ၅သန်း ဝန်းကျင် အထိ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သတင်းတွေနဲ့ ပတ်သတ်ပြီး အတည်ပြုနိုင်ခြင်း မရှိပေမယ့် အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဆိုဂတ် ကတော့ သူဟာ အိုဇေးလ်ကို အာဆင်နယ် အသင်းကနေ ထွက်ခွာခွင့် ရရှိအောင် အကောင်းဆုံး လုပ်ဆောင်ပေးနေကြောင်း ဆိုခဲ့ပါတယ်။ ဆိုဂတ်က “ကျွန်တော့်ရဲ့ အလုပ်အရ ကျွန်တော်က ဉပဒေရေးရာကို အတော်လေး အလေးထားပါတယ်။ မီဆွတ်က အာဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ရှိနေပါတယ်။ ဒါပေမယ့် စည်းကမ်းချက်တွေ အရ သူဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အခြားအသင်းတွေနဲ့ တရားဝင် ဆွေးနွေးလို့ ရနေပါပြီ။ အပြောင်းအရွှေ့ အတွက် အာဆင်နယ် အသင်းနဲ့ ဆက်လက် ဆွေးနွေးရဦးမယ် ဆိုတဲ့ အချက်ကိုလည်း မေ့ထားလို့ မရပါဘူး။ ကျွန်တော်ကတော့ သူ့ရဲ့ အစ်ကို ၊ သူ့ရဲ့ မိသားစုနဲ့ စကား ပြောဆိုပြီး အခု လုပ်နေတဲ့ ကိစ္စတွေ ပြီးပြတ်အောင် အမြန်ဆုံး လုပ်ဆောင် နေပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။

The post အာဆင်နယ်အသင်း ကနေ ထွက်ခွာဖို့ ၉၉ရာခိုင်နှုန်း ကျိန်းသေနေတဲ့ အိုဇေးလ် appeared first on MySport Myanmar.