ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ အနည်းငယ်လောက်သာ ရရှိနေရတဲ့ နောက်ခံအစွန်လူ ကိုလာစီနက်ရှ်ဟာ အခုဆောင်းစျေးကွက်အစမှာပဲ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ရှော်ကေးအသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး မနေ့ညက ဟော့ဖန်ဟင်မ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အတွင်းမှာ အသင်းနဲ့ ပွဲဦးထွက်ပါဝင်ကစားရင်း သူရဲ့ရှော်ကေးအသင်းဟာလည်း အထူးခြေစွမ်းပြခဲ့ကာ (၄)ဂိုးပြတ်နဲ့ကို ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် နောက်ခံအစွန်လူ ကိုလာစီနက်ရှ်ဟာ ၂၀၁ရခုနှစ်ကမှ ရှော်ကေးကနေ အာဆင်နယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၉)ပွဲသာ ပါဝင်ကစားခဲ့ရတာကြောင့် အသင်းကနေ ထွက်ခွာချင်နေပြီး နောက်ဆုံးမှာတော့ သူရဲ့အသင်းဟောင်းဆီကို အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ကိုလာစီနက်ရှ်က အသင်းဟောင်းရှော်ကေးဆီ ပြန်လည်ရောက်လာချင်းမှာပဲ အသင်းအတွက် အရေးပါလှတဲ့ နိုင်ပွဲတစ်ပွဲကို အရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Daily Express

ရှော်ကေးအသင်းဟာ ဒီနှစ်ရာသီမှာ အတော်လေးကို ကျဆင်းလို့နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဘွန်ဒစ်လီဂါ (၁၄)ပွဲ ကစားလို့အပြီးမှာတောင် နိုင်ပွဲတစ်ပွဲမှ မရယူနိုင်ခဲ့ပဲ တန်းဆင်းရဖို့ ရေပန်းစားနေခဲ့ရပါတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ အသင်းကို ကစားသမားဟောင်း ကိုလာစီနက်ရှ် ပြန်လည်ရောက်ရှိလာခဲ့ချိန် သူရဲ့ပထမဆုံးပွဲမှာပဲ ဟော့ဖန်ဟင်မ်အသင်းကို ဂိုးပြတ်အနိုင်ယူကာ ဒီရာသီရဲ့ ပထမဆုံးသောနိုင်ပွဲကိုပါ စတင်ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပါဝင်ကစားလာခဲ့တဲ့ ကိုလာစီနက်ရှ်ကို သူရဲ့အာဆင်နယ်အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ မက်ဇတ်အိုဇေးက တွစ်တာပေါ်ကနေ ချီးကျူးဂုဏ်ပြုစကားတွေကို ရေးဆိုလာခဲ့ပါတယ်။ အိုဇေးက “ဒါပဲပေါ့ ညီအစ်ကိုရာ…ဂုဏ်သရေလူကြီးမင်းများခင်ဗျာ…ဒါက ကိုလာစီနက်ရှ်ရဲ့ သက်ရောက်မှုပါပဲ” ဆိုတဲ့ စာသားတွေကို ရေးသားပြီး ကိုလာစီနက်ရှ်အတွက် ဂုဏ်ပြုသွားခဲ့ပါတယ်။ ကိုလာစီနက်ရှ်လိုပဲ သူရဲ့အသင်းဖော်ဟောင်း အိုဇေးမှာလည်း အာဆင်နယ်အသင်းရဲ့ အမေ့ခံကစားသမားတစ်ယောက်ဖြစ်နေရသလို ဒီရာသီမှာလည်း အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားပေးခွင့် မရရှိထားခဲ့ပဲ လတ်တလောမှာလည်း အသင်းကနေ ထွက်ခွာပြီး တူရကီကလပ် ဖီနာဘာချီအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် လုပ်ဆောင်လျက်ရှိနေပါတယ်။

The post ရှော်ကေးနဲ့ ပွဲဦးထွက်မှာ ရလဒ်ကောင်းယူနိုင်ခဲ့တဲ့ ကိုလာစီနက်ရှ်ကို အိုဇေးက ဂုဏ်ပြုစကားဆိုခဲ့ appeared first on MySport Myanmar.