အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ နာမည်ကြီး ကွင်းလယ်ဒိုင် တစ်ဦးဖြစ်တဲ့ မိုက်ကယ် အိုလီဗာ ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ရက်နေ့မှာ ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ကို ဥပဒေပ ကစားပုံနဲ့ ဝင်ရောက် ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကို အနီကတ် ပြခဲ့သင့်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အဲဗာတန် အသင်းရဲ့ ဂွတ်ဒီဆင်ပါ့တ် ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ လီဗာပူး အသင်းတို့ဟာ တစ်ဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ဧည့်သည် လီဗာပူးအသင်းမှာတော့ အဓိက နောက်ခံလူ ဗန်ဒိုက်နဲ့ ကွင်းလယ်လူ အယ်ကန်တာရာတို့ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကို ရရှိခဲ့ပါတယ်။

Photo Credit: Express

လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ သုံးဦးထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဗာဂျယ် ဗန်ဒိုက်ဟာ အဆိုပါ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူဖို့ ကြိုးစားခဲ့ချိန်မှာ ပစ်ဖို့ဒ်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရကာ ဒူးခေါင်း ဒဏ်ရာတွေထဲမှာမှ အပြင်းထန်ဆုံး ဒဏ်ရာ တစ်ခု ဖြစ်တဲ့ ACL ဒဏ်ရာကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ဟာ ဂိုးသွင်းယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ လူကျွံ အနေအထားကို ရောက်ရှိ နေတာကြောင့် ဗန်ဒိုက်ကို ပြင်းထန်စွာ ဖျက်ထုတ်ခဲ့တဲ့ ပစ်ဖို့ဒ်ဟာ အဝါကတ်ပြား တောင် ပြသခံရခြင်း မရှိပဲ ဗန်ဒိုက်ကတော့ အဆိုပါ ဒဏ်ရာကြောင့် ၁နှစ်နီးပါးလောက် အနားယူရမယ့် အနေအထားနဲ့ ကြုံတွေ့ခဲ့ရပြီး ယခုနှစ် ဧပြီလလောက်မှသာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်မယ့် အခြေအနေပါ။

Photo Credit: Express

အဆိုပါပွဲစဉ်ကို ကွင်းလယ်ဒိုင် တစ်ဦးအဖြစ် ကိုင်တွယ်ခဲ့တဲ့ အိုလီဗာ ကတော့ သူဟာ အဆိုပါ ပွဲစဉ်မှာ ပစ်ဖို့ဒ်ကို အနီကတ် ပြသင့်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အိုလီဗာက “အဲ့ဒီပွဲစဉ်က အတော်လေးကို ကြီးမားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးကလည်း အရမ်းကို ကောင်းခဲ့ကြပါတယ်။ VAR က ဒါကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပြီး စည်းကြပ်ဒိုင် ကတော့ လူကျွံဘောအဖြစ် သတ်မှတ်ဖို့ အနည်းငယ် နောက်ကျခဲ့ပါတယ်။ ပစ်ဖို့ဒ်ကတော့ ဗန်ဒိုက်ကို လူကျွံပြီးမှ ပြစ်ဒဏ် ကျူးလွန်မိတာပါ။ ကျွန်တော်တို့ ပထမဦးဆုံး တွေးမိတာက တကယ်လို့ ဒါကသာ လူကျွံဘော ဖြစ်နေရင် ပင်နယ်တီ ပေးလို့ မရဘူး ဆိုတာပါပဲ။ အဲ့ဒီနောက် ကျွန်တော်တို့က လူကျွံဘော ဟုတ် ၊ မဟုတ် စစ်ဆေးကြည့်ပါတယ်။ ကျွန်တော်က တကယ်လို့ ဒါသာ လူကျွံဘော မဟုတ်ခဲ့ရင် ငါက ပင်နယ်တီ ပေးဖြစ်မှာပဲလို့ VAR ကို ပြောခဲ့ပါသေးတယ်။ ကျွန်တော်က အဲ့ဒီဖြစ်ရပ်ကို အကြိမ်ပေါင်း များစွာ ကြည့်ခဲ့ပါတယ်။ ကျွန်တော်က ပစ်ဖို့ဒ်ဟာ ဘောလုံးကို တားဆီးဖို့ ကြိုးစားခဲ့တာလို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာကို ပြန်ကြည့်တာ့ သူဟာ မှားယွင်းတဲ့ ပုံစံ တစ်မျိုးနဲ့ ဘောလုံးကို တားဆီးဖို့ ကြိုးစားခဲ့တာ သိရပါတယ်။ ကျွန်တော် အပါအဝင် ကျွန်တော်တို့ အားလုံးက ကျွန်တော်တို့ဟာ လုပ်သင့်တဲ့ ဆုံးဖြတ်ချက်ကို မချခဲ့ဘူးလို့ တွေးမိပါတယ်။ ဒါက လူကျွံဘော ဖြစ်နေရင်တောင် ကျွန်တော်တို့ဟာ ပစ်ဖို့ဒ်ကို အနီကတ်ပြပြီး ထုတ်ပယ် နိုင်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

The post ဗန်ဒိုက်ကို လူချခဲ့တဲ့ ပစ်ဖို့ဒ်ကို အနီကတ် မပြမိတာကို နောင်တရနေတဲ့ အိုလီဗာ appeared first on MySport Myanmar.