ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဧည့်သည် ဆောက်သမ်တန် အသင်းကို သွင်းဂိုး ကိုးဂိုး အထိ သွင်းယူခဲ့ပြီး ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ခြေစွမ်းတက်နေတဲ့ ဆောက်သမ်တန် အသင်းကို အသာစီး ရဖို့ ခက်ခဲဖွယ် ရှိကြောင်း သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်း မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆောက်သမ်တန် အသင်းကို ပွဲစပွဲဆုံး အသာစီး ရယူကာ ဂိုးပြတ် နိုင်ခဲ့တာပါ။

Photo Credit: Express

ပွဲအစ ၂မိနစ်မှာပဲ ဆောက်သမ်တန် ကွင်းလယ်လူ ဂျန်ခဲဝစ် အနီကတ် ထိခဲ့တာဟာ ပွဲရဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့ပြီး တစ်ယောက် လျော့သွားချိန်မှာ ဆောက်သမ်တန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လွှမ်းမိုးမှုကို တရစပ် ခံခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၁၈မိနစ်မှာ ဘစ္စကာ ၊ ပွဲကစားချိန် ၂၅မိနစ်မှာ ရက်ဖို့ဒ် ၊ ပွဲကစားချိန် ၃၉မိနစ်မှာ ကာဗာနီ ၊ ပွဲကစားချိန် ၆၉မိနစ်နဲ့ မိနစ် ၉၀မှာ မာရှယ် ၊ ပွဲကစားချိန် ၇၁မိနစ်မှာ တော်မီနေး ၊ ပွဲကစားချိန် ၈၇ မိနစ်မှာ ဖာနန်ဒက်နဲ့ ပွဲကစားချိန် ၃၄မိနစ်မှာ ဆောက်သမ်တန် နောက်ခံလူ ဘက်ဒ်နားရစ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ဒ်နားရစ်ဟာ ပွဲကစားချိန် ၈၆မိနစ်မှာလည်း အနီကတ် ထိခဲ့ပါသေးတယ်။

Photo Credit: Express

အဆိုပါ ဂိုးပြတ်နိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ထိပ်ဆုံးက မန်ချက်စတာ စီးတီးအသင်းထက် ၂ပွဲပို ကစားထားပြီး ရမှတ်တူ ဂိုးကွာခြားချက် ကွာဟမှုနဲ့ ရပ်တည်နေနိုင်ပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကလည်း အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အိမ်ကွင်းမှာ ၉ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် နည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ အဆိုပါ စံချိန်ကို ပထမဦးဆုံး ရရှိခဲ့တဲ့ သူက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြတစ်ဦး ဖြစ်သလို ဆိုးလ်ရှားရဲ့ ဆရာလည်း ဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန် ဖြစ်ပြီး ဖာဂူဆန်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်စ်ဝစ်တောင်း အသင်းကို ၉-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

The post ဆရာဖြစ်သူ ဖာဂူဆန်ရဲ့ ဘယ်သူမှ လိုက်မမှီတဲ့ စံချိန်တစ်ခုကို လိုက်မှီခဲ့တဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.