ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နော်ဝေကွင်းလယ်ကစားသမားလေး မာတင်အိုဒီဂတ်ကတော့ သူအနေနဲ့ အာဆင်နယ်မှာ ပျော်ရွှင်နေသလို မကျင်လည်ဖူးသေးတဲ့ နေရာသစ်တစ်ခုလို့ကို မထင်ရပဲ သက်တောင့်သက်သာရှိသလို ခံစားရတာကြောင့် ဒီအသင်းမှာ အချိန်တော်တော်ကြာတဲ့အထိ ပါဝင်ကစားသွားလိုကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၂)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် ကွင်းလယ်ကစားသမား အိုဒီဂတ်ဟာ သူရဲ့မူလကလပ် ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်နေရာရဖို့အတွက် ရုန်းကန်နေရတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ အာဆင်နယ်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲကို ပါဝင်ကစားထားခဲ့ပြီး လိဒ်စ်ယူနိုက်တက်အသင်းကို (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာလည်း အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရင်း အထိုက်အလျောက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Just Arsenal

အခုလို အာဆင်နယ်အသင်းနဲ့ အဆင်ပြေနေရတဲ့အကြောင်းကို အိုဒီဂတ်က “အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ခင်ဗျားလည်း သိနိုင်မှာမဟုတ်ပါဘူး။ အခုလက်ရှိအတွက်ဆိုရင်တော့ ကျွန်တော်ရဲ့ အကောင်းဆုံးဘောလုံးရာသီတစ်ခု ဖြစ်လာဖို့နဲ့ အသင်းအတွက် အထောက်အကူဖြစ်စေနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ အရင်က ကြုံတွေ့ခဲ့ရတာတွေနဲ့ နည်းနည်းကွဲပြားခြားနားနေတာ ဆိုပေမယ့်လည်း ကျွန်တော် အတော်လေး အဆင်ပြေပြီး လိုက်လျောညီထွေမှု ရှိနေတယ်လို့ ထင်ပါတယ်။ အသင်းမှာရှိကြတဲ့ ကစားသမားတွေ နည်းပြတွေနဲ့ တာဝန်ရှိသူတွေအားလုံးက အသင်းကို ကျွန်တော်စတင်ရောက်လာချိန်ကနေစတင်ပြီး ကူညီထောက်ပံ့မှုတွေများစွာ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီနေရာမှာ အချိန်တော်တော်ကြာအောင် ကစားသွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရီးရဲလ်အသင်းသားအဖြစ် ပြိုင်ပွဲစုံ(၉)ပွဲကိုသာ ပါဝင်ကစားထားခဲ့ရပြီး ရီးရဲလ်နည်းပြဇီဒန်းကလည်း အိုဒီဂတ်ကို အသင်းမှာ နေရာပေးဖို့ ဆန္ဒမရှိတာကြောင့် အိုဒီဂတ်အနေနဲ့ အာဆင်နယ်နဲ့ အငှားစာချုပ် ပြည့်မြောက်ချိန်မှာ အာဆင်နယ်ဆီ ဒါမှမဟုတ် တခြားကလပ်အသင်းတစ်သင်းသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ရဖွယ် ရှိနေပါတယ်။

The post ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အိုဒီဂတ် appeared first on MySport Myanmar.