ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေကြောင့် အသင်းက လက်ရှိမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ကို ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၆)နေရာကို ရောက်ရှိနေရသလို ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့လည်း ရမှတ်ပေါင်း (၁၉)မှတ်အထိကို ကွာဟလို့နေပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ကတော့ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ ပြန်လည်တည်ဆောက်ဖို့ မလိုအပ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်နည်းပြ ကလော့က သူရဲ့လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကစားသမားခေါ်ယူများစွာ ပြုလုပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်မှာမဟုတ်ဘူးလို့ သတင်းထောက်တစ်ဦးနဲ့ အင်တာဗျူးရာမှာ ပြောဆိုသွားခဲ့ပါတယ်။ ကလော့က “ပြန်လည်တည်ဆောက်တယ်ဆိုတာ ဘယ်လိုလဲ။ (၁၀)ယောက်လောက်ကို အသင်းကနေ ရောင်းထုတ်ပြီး နောက်ထပ် ကစားသမား(၁၀)ယောက်ကို ပြန်လည်ခေါ်ယူတာမျိုးလား။ ပွဲထွက်ကစားသမား(၁၁)ယောက်ကို ပြောင်းလဲတာလား။ ဒါဆိုရင်ရော ဘယ်ကစားသမားတွေလဲ”

Photo Credit : Football365

“ကျွန်တော်ကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ရမယ့် အချိန်မဟုတ်သေးဘူးလို့ ထင်ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ကစားသမား(၆)ယောက် (၇)ယောက်လောက်ကတော့ အသင်းနဲ့ လက်တွဲဖြုတ်တော့မှာဆိုတော့ သူတို့နေရာအတွက်ပဲ ကစားသမားသစ်တွေကို ခေါ်ယူသွားရမှာပါ။ အသင်းရဲ့ အတောင့်တင်းဆုံးလူစာရင်းနဲ့ ဒီနှစ်မှာ တစ်ကြိမ်လောက် အတူတကွ တွဲဖက်ကစားဖို့ကတော့ တကယ့်ကို မဖြစ်လာနိုင်တော့ဘူး။ ဒါပေမယ့် ထိပ်တန်းအသင်း ပြန်လည်ဖြစ်လာဖို့အတွက် မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု အနည်းငယ်လောက်တော့ ဖြစ်လာမှာပါ။ အနာဂတ်အတွက်တော့ ပြင်ဆင်ရဦးမှာပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် လာမယ့်နွေစျေးကွက်အတွင်းမှာ ကျွန်တော်တို့တွေ ဒါကို အကောင်အထည်ဖော်နိုင်မလားဆိုတာ မသေချာသေးပေမယ့် ကြိုးစားလုပ်ဆောင်မှုတွေကိုတော့ ဆက်လုပ်သွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်မတ်လ(၁)ရက်နေ့မှာတော့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ Barmell Lane ကွင်းအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး လိဂ်ပွဲ(၄)ပွဲဆက်တိုက် ရှုံးပွဲဆက်နေမှုကတော့ လွတ်မြောက်အောင် ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

The post ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ မလိုအပ်ဘူးလို့ ကလော့ပြောဆို appeared first on MySport Myanmar.