ပြင်သစ် လီဂူးဝမ်းရဲ့ ပြိုင်ဘက်ကင်း အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာ ကတော့ သူဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပြီး အဆိုပါ ဝေဖန်မှုတွေကြောင့် ကစားသမား ဘဝကနေ အနားယူဖို့ အထိ စဉ်းစားခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ဘရာဇီးလ်အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ သူ ကစားခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်တဲ့ ဆန်းတို့စ်အသင်း ၊ ဘာစီလိုနာအသင်း ၊ ပီအက်စ်ဂျီ အသင်းတို့မှာ ဆုဖလားများစွာကို ရယူနိုင်ခဲ့သူ တစ်ဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca

နေမာဟာ ဘာစီလိုနာ အသင်းမှာ မက်ဆီ ၊ ဆွာရက်ဇ် စတဲ့ တောင်အမေရိက တိုက်စစ်မှူးတွေနဲ့ ပူးပေါင်းကာ MSN တိုက်စစ် ဆိုပြီး ပုံဖော် နိုင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာကာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အဆိုပါ အချိန်မှ စတင်ကာ နေမာဟာ မီဒီယာတွေရဲ့ သားကောင် ဖြစ်လာခဲ့ပါတယ်။ ဘရာဇီးလ်သား တစ်ဦး ဖြစ်တာကြောင့် နေမာဟာ ဘောလုံးကွင်း ပြင်ပမှာ လွတ်လပ်စွာ နေထိုင်တတ်သူ ဖြစ်ပြီး မကြာခဏ ဆိုသလို ပါတီပွဲတွေ ကျင်းပတာ ၊ တခြားနိုင်ငံတွေိကို အလည်အပတ် သွားတာ စတဲ့ အချက်တွေဟာ ဘောလုံး ပရိသတ်တွေက နေမာအပေါ် အမြင်မကြည်တဲ့ အချက်တွေ ဖြစ်ပြီး နေမာ ကတော့ မမျှတတဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရချိန်မှာ ကစားသမား ဘဝကနေ အနားယူဖို့ အထိ စဉ်းစားခဲ့ဖူးကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: Marca

ကစားသမား ဘဝကနေ အနားယူဖို့ အထိ စဉ်းစားခဲ့တဲ့ အကြောင်းကို နေမာက “ကျွန်တော်က ဘောလုံးနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုတွေ ကို ဘယ်တော့မှ မဆုံးရှုံးခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံး ကစားတာကို ရပ်တန့်ဖို့ ကျွန်တော် တွေးမိခဲ့တဲ့ အချိန် ရှိခဲ့ဖူးပါတယ်။ တစ်ခါတုန်းက သူတို့ မကြိုက်ရင် ဘာလို့ ငါက ဘောလုံး ဆက်ကစားစရာ လိုလဲ ဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်ခဲ့ပါတယ်။ ကျွန်တော်က အိမ်ကို ခေါင်းတွေ ထူပူပြီး ပြန်သွားမိပါတယ်။ အဲ့ဒီနောက် မှာတော့ ကျွန်တော် ဒီနေရာမှာ ရခဲ့တဲ့ အရာတွေ အားလုံးကို ပြန်ပြီး အမှတ်ရလာပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံးကို ချစ်မြတ်နိုးမှု ၊ အောင်မြင်မှုတွေက ကျွန်တော့်ကို ပြန်လည် တည်ငြိမ်စေပြီး တကယ့် အရှိတရားဘက်ကို ပြန်ပြီး ရောက်ရှိ စေခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်က အရမ်း ကံကောင်းတယ်လေ။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစုကို ပျော်ရွှင်စေတဲ့ အောင်မြင်မှုတွေ အများကြီး ရဖူးပါတယ်” ဆိုပြီး ဖွင့်ဟ သွားခဲ့ပါတယ်။

The post မမျှတတဲ့ ဝေဖန်မှုတွေကြောင့် ဘောလုံးလောက ကနေ အနားယူဖို့ စဉ်းစားခဲ့ဖူးတဲ့ နေမာ appeared first on MySport Myanmar.