ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား နေမာက နာမည်ကျော် GQ Magazine နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ သူအနေနဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ကလပ်အသင်းတစ်သင်းတည်းမှာ တွဲဖက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သလို လက်ရှိမှာ ရော်နယ်ဒိုရဲ့အနာဂတ်ကလည်း မတည်မငြိမ် ဖြစ်နေရပြီး နေမာရဲ့ ပီအက်စ်ဂျီအသင်းဘက်ကပါ ရော်နယ်ဒိုကို ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားခဲ့ဖူးသလို လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ဖို့ အလားအလာရှိနေတဲ့ ကီလီယန်အမ်ဘာပေနဲ့ တစ်သင်းတည်းမှာ အတူကစားနေရသူလည်းဖြစ်ပါတယ်။ ဒါကြောင့် နေမာက သူနဲ့တစ်ခါမှ တွဲဖက်မကစားဖူးသေးတဲ့ ရော်နယ်ဒိုနဲ့ ကလပ်အသင်းတစ်ခုမှာ တွဲဖက်ကစားဖို့ ဆန္ဒရှိနေတာဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : MARCA

နေမာက “ဘယ်ကစားသမားနဲ့ တွဲဖက်ကစားချင်သလဲဆိုတော့ ကျွန်တော် ရော်နယ်ဒိုကို ရွေးချယ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆီ ဘာပေတို့လို ထိပ်တန်းကစားသမားတွေနဲ့ ကျွန်တော်က တွဲဖက်ပြီး ကစားခဲ့ဖူးပြီးပြီဆိုတော့ သူ့လို ကစားသမားမျိုးနဲ့လည်း အသင်းဖော်တွေ ဖြစ်ချင်တယ်။ ဒါပေမယ့် အခုအချိန်ထိကတော့ သူနဲ့ တွဲဖက်ကစားရဖူးခြင်း မရှိသေးပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ နောက်ထပ်ဘောလုံးရာသီတွေကို ဆက်လက်ဖြတ်သန်းသွားဖို့ အခြေအနေ နည်းပါးလာခဲ့ရပြီး ကစားသမားဘက်က အသင်းရဲ့ ရလဒ်တွေအပေါ် စိတ်ပျက်လျက်ရှိနေသလို အသင်းဘက်ကလည်း ဘဏ္ဍာရေးအခြေအနေ မတည်မငြိမ် ဖြစ်နေရချိန်မှာ တစ်ပတ်လုပ်ခများစွာ ပေးချေနေရတဲ့ ကစားသမားတစ်ယောက်နဲ့ လက်တွဲဖြုတ်သွားချင်နေပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ရော်နယ်ဒိုကို နေမာရဲ့ ပီအက်စ်ဂျီအသင်းကနေ စောင့်ကြည့်လျက်ရှိနေပြီး တကယ်လို့ နေမာရဲ့ အသင်းဖော် ဘာပေကိုသာ စာချုပ်သက်တမ်းတိုးဖို့ မလွယ်ကူတော့ရင် နေမာတွဲဖက်ကစားချင်နေတဲ့ ရော်နယ်ဒိုကို ဂျုဗင်တပ်စ်အသင်းကနေ ကမ်းလှမ်းလာဖွယ် ရှိနိုင်ပါတယ်။

The post ရော်နယ်ဒိုနဲ့ ကလပ်အသင်း တစ်သင်းတည်းမှာ တွဲဖက်ကစားချင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့တဲ့ နေမာ appeared first on MySport Myanmar.