ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို လာမယ့်နွေရာသီစျေးကွက်အတွင်း ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာဖို့အတွက် ဖုန်းနဲ့ဆက်သွယ်ကာ တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် L’Equipe သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ လာမယ့်ဇူလိုင်လမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် သူ့ကို ပီအက်စ်ဂျီ မန်စီးတီးတို့လို ထိပ်တန်းကလပ်အသင်းတွေကနေ ပစ်မှတ်ထားနေတာဖြစ်ပြီး မက်ဆီကိုယ်တိုင်ကလည်း အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိလို့နေပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ မက်ဆီကို သူရဲ့အသင်းဖော်ဟောင်း နေမာက သူရဲ့ပီအက်စ်ဂျီအသင်းဆီ လာရောက်ကစားဖို့အတွက် ဆန္ဒရှိလို့နေပြီး အသင်းကိုလည်း တောင်းဆိုမှုတွေ ပြုလုပ်ထားခဲ့သလို သူကိုယ်တိုင်လည်း မက်ဆီကို ဖုန်းနဲ့ဆက်သွယ်ကာ အသင်းကို လာရောက်ကစားဖို့ကိုပါ တိုက်တွန်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

နေမာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း သူအနေနဲ့ မက်ဆီနဲ့ ထပ်မံတွဲဖက်ကစားချင်ကြောင်း လာမယ့်ဘောလုံးရာသီမှာတော့ သူနဲ့မက်ဆီတို့ဟာ ပြန်လည်တွဲဖက်ကစားရဖို့ သေချာနေကြောင်းကိုပါ အခိုင်အမာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ကိန်းအသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ ပေါင်ခြံဒဏ်ရာ ရသွားခဲ့တာကြောင့် သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ် (၂)ကျော့စလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်မှာပဲ ထိပ်တိုက်ဆုံတွေ့ခဲ့ဖူးကြပြီး အဲ့ဒီအချိန်တုန်းက ဘာစီလိုနာအသင်းဟာ Amazing Comeback မျိုးနဲ့ အနိုင်ရပြီး ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီ(၂)သင်းဟာ ဒီနေ့ညမှာပဲ စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ နူးကမ့်ဘောလုံးကွင်းထဲမှာ (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပြန်လည်တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

The post ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာဖို့အတွက် မက်ဆီကို ဖုန်းဆက်ပြီး တိုက်တွန်းပြောဆိုခဲ့တဲ့ နေမာ appeared first on MySport Myanmar.