ပြင်သစ်လီဂူး အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ နေမာကတော့ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ သူ့ရဲ့ အကြားမှာ ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ပြီး သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ကြိုးစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ ခုနှစ် ဇွန်လ အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ယခုနှစ် အတွင်းမှာသာ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက ပီအက်စ်ဂျီအသင်းဟာ နေမာကို လာမယ့်ရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် အနေအထားမှာ ရှိပါတယ်။

Photo Credit: Mundo Deportivo

ဒါ့ကြောင့်ပဲ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက နေမာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။ ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ နေမာဟာ ကစားသမားဘဝ ကနေ အနားမယူခင်မှာ အသင်းဖော်ဟောင်း တစ်ဦးဖြစ်သူ မက်ဆီနဲ့ ထပ်မံ တွဲဖက် ကစားချင်နေပြီး ပီအက်စ်ဂျီအသင်း အနေနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပါက မက်ဆီကို အသင်းထံ ခေါ်ယူပေးရမယ်လို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ နေမာရဲ့ တောင်းဆိုမှုကြောင့် ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းခဲ့ပေမယ့် လက်ရှိမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာသာ ဆက်လက် ရှိနေဖို့ အခြေအနေ များနေပါတယ်။

Photo Credit: Mundo Deportivo

ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီကို ဘာစီလိုနာ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခိုင်းထားကြောင်း သိရပါတယ်။ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Mundo Deportivo ကတော့ နေမာရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီနဲ့ ဘာစီလိုနာ အသင်းရဲ့ ဉက္ကဌဖြစ်သူ လာပေါ်တာတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့မှာ နေမာရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့တဲ့ နေမာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းဟာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

The post မက်ဆီနဲ့ တွဲကစားချင်တာကြောင့် ဘာစီလိုနာဆီ ပြန်လာဖို့ ဆွေးနွေးနေတဲ့ နေမာ appeared first on MySport Myanmar.