ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဆန်ချိုနဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းတို့ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် အထိ သုံးစွဲကာ ခေါ်ယူထားတာကြောင့် နောက်ထပ် ကစားသမားသစ် တဦး ထပ်မံ ခေါ်ယူဖို့ သေချာ စဉ်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားသမားသစ် တဦး ထပ်ခေါ်ဖို့ ချီတုံချတုံ ဖြစ်နေပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်း ၊ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်မှုတွေ ရှိနေပါသေးတယ်။

ဆောက်သမ်တန်အသင်းနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ရုန်းကန်ခဲ့ရပြီး မာရှယ် ခြေစွမ်းပျောက်ဆုံးနေသလို ကာဗာနီကလည်း ပွဲတိုင်း ပါဝင် ကစားပေးဖို့ အဆင်သင့် မဖြစ်တာကြောင့် သူတို့အနေနဲ့ ဆုဖလားတွေကို ရရှိနိုင်ဖို့ ထိပ်တန်းအဆင့် အထောင် တိုက်စစ်မှူး တဦးကို ခေါ်ယူရန် လိုအပ်ပါတယ်။

Photo Credit: Metro

လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်ကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကို ထောက်ပြသွားခဲ့ပြီး ယူနိုက်တက်ဟာ မာရှယ် ၊ လင်ဂတ် ၊ ဒန်နီရယ်ဂျိမ်းစ်တို့လို ကစားသမားတွေကို ရောင်းထုတ်ကာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်းကို ဂယ်ရီနဗီးလ်က – “ချယ်လ်ဆီးက လူကာကူကို ရထားတယ်။ ပြီးတော့ ဗန်ဒိုက်ကလည်း လီဗာပူးအသင်း အတွက် ပြန်ကစားနိုင်ပြီ။ မန်စီးတီးကလည်း ဂရီးလစ်ရှ်နဲ့ ဟယ်ရီကိန်းတို့ကို တွဲဖက်ပေးဖို့ ကြိုးစားနေတယ်။ တကယ်လို့ မန်စီးတီးသာ ဟယ်ရီကိန်းကို ရသွားရင် ဒါက ယူနိုက်တက် အတွက် ပြဿနာကြီး တခု ဖြစ်လာနိုင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘာကြောင့် နောက်ထပ် ကစားသမားသစ် ခေါ်ယူမှု မလုပ်သေးတာလဲ ဆိုတာကို ကျွန်တော် တွေးကြည့်လို့ မရပါဘူး။ ဆန်ချိုကို ဝယ်ခဲ့တဲ့ ပေါင်၇၀သန်း ဆိုတာက ပြီးခဲ့တဲ့ နွေရာသီထဲက သုံးရမယ့် ပိုက်ဆံပါ။ ကျွန်တော့်အထင် မန်ချက်စတာ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားကို ခေါ်ယူသင့်ပါတယ်။ မာရှယ် ၊ လင်ဂတ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကို ရောင်းထုတ်ပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်” လို့ တိုက်တွန်းသွားခဲ့တာပါ။