ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းရဲ့နည်းပြ ဟန်ဆီဖလစ်နဲ့ လက်တွဲဖြုတ်တော့မယ်လို့ သတင်းတွေ ထွက်လာခဲ့တဲ့ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ ဖလစ်ကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လိုက်ပ်ဇစ်အသင်းရဲ့နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကို ပစ်မှတ်ထားနေသလို နာဂယ်စ်မန်းနဲ့ ဘိုင်ယန်အသင်းတို့ရဲ့ကြားမှာလည်း ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။

Photo Credit : Football.London

ဂျာမန်လူမျိုး နည်းပြဖလစ်ဟာ ၂၀၁၉ခုနှစ်မှာ ဘိုင်ယန်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေရင်း နည်းပြကိုဗက် အသင်းကနေ ထုတ်ပယ်ခံရချိန်မှာ ကိုဗက်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ရင်း ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား(၃)လုံးကို တစ်ရာသီအတွင်းမှာပဲ ရယူပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် အောင်မြင်မှုတွေများစွာကို အချိန်တိုအတွင်းမှာပဲ ရယူနိုင်ပေးခဲ့တဲ့ ဖလစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်ကနေသာ ပြန်လှည့်လာပြန်ခဲ့ရပြီးနောက်ပိုင်း ဘိုင်ယန်အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ရသလို သူရဲ့နေရာမှာလည်း နာဂယ်စ်မန်းနဲ့ အစားထိုးတော့မယ်ဆိုတဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဒါပေမယ့် အသက်(၃၃)နှစ်သာရှိသေးတဲ့ လူငယ်နည်းပြလေး နာဂယ်စ်မန်းကတော့ ဘိုင်ယန်နဲ့ သတင်းတွေ ထွက်ပေါ်နေခြင်းကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး သတင်းတွေမှာ ဖော်ပြနေသလို သူနဲ့ ဘိုင်ယန်အသင်းတို့ကြား ဘာဆွေးနွေးမှုကိုမှ ပြုလုပ်ထားခြင်းမရှိကြောင်းကိုလည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ နည်းပြလောကထဲကို ၂၀၁၆ခုနှစ်ကမှ စတင်ဝင်ရောက်လာခဲ့တဲ့ နာဂယ်စ်မန်းဟာ အသက်အရွှယ်ငယ်ရွယ်ပြီး နည်းပြအတွေ့အကြုံ နှနယ်သေးတယ်ဆိုပေမယ့်လည်း ဟော့ဖန်ဟင်မ်အသင်းကို စကိုင်တွယ်ကတည်းက သူရဲ့အရည်အသွေးကို စတင်ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ အခု လိုက်ပ်ဇစ်အသင်းမှာလည်း သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ဆက်လက်ပြသထားနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းကလပ်တွေရဲ့ မျက်စိကျခြင်းကို ရရှိနေတာလည်းဖြစ်ပါတယ်။ နာဂယ်စ်မန်းကို ဘိုင်ယန်အသင်းအပြင် မော်ရင်ဟိုနဲ့ လက်တွဲဖြုတ်ဖို့ ရှိနေတဲ့ စပါးအသင်းကလည်း ပစ်မှတ်ထားလျက်ရှိနေသလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေလျက် ရှိနေပါတယ်။

The post ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ငြင်းဆန်ပယ်ချသွားခဲ့တဲ့ နာဂယ်စ်မန်း appeared first on MySport Myanmar.