အီတလီ စီးရီးအေကလပ် ရိုးမားအသင်းကို ယခင်ကလို စီးရီးအေရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်မယ်လို့ ပရိသတ်တွေကို ကတိပေးထားတဲ့ ပေါ်တူဂီလူမျိုး နည်းပြဖြစ်သူ ဂျိုဆေး မော်ရင်ဟိုကတော့ သူ့ရဲ့ အသင်းဟောင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ တပည့်ဟောင်း အီဒင် ဟာဇက်ကို ရိုးမားအသင်းထံ ခေါ်ယူနိုင်ဖို့ စတင် ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၀နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဟာဇက်ဟာ ၂၀၁၈ခုနှစ်မှာ ချယ်လ်ဆီးအသင်း ကနေ ရီးရဲလ် မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် အသင်းအတွက် လုံလောက်တဲ့ ခြေစွမ်းကောင်းတွေ ထုတ်မပြနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ပရိသတ်တွေရဲ့ ငြူစူမှုတွေနဲ့ ရင်ဆိုင်နေရသူပါ။

Photo Credit: Mirror

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ရောက်ရှိနေတာ ၂ရာသီ ရှိနေပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲသာ ကစားနိုင်ခဲ့ကာ သွင်းဂိုး ၅ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၈ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ဟာဇက်ကို အသင်းပြောင်းခွင့် ပေးထားပြီး ဟာဇက်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် ပေးချေရနိုင်ကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဟာဇက်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်း ၊ ပီအက်စ်ဂျီအသင်းနဲ့ ရိုးမားအသင်းတို့က စောင့်ကြည့်နေကြပါတယ်။

Photo Credit: Mirror

ဘယ်လ်ဂျီယံအသင်းရဲ့ အသင်းခေါင်းဆောင် ဟာဇက်ဟာ ၂၀၁၈ခုနှစ်မှာ ဆရာဟောင်း ဂျိုဆေး မော်ရင်ဟိုရဲ့ လက်အောက်မှာ နောက်ထပ်တကြိမ် ထပ်မံ ကစားချင်ကြောင်း ဖွင့်ဟ ပြောကြားဖူးသူ ဖြစ်ပြီး လက်ရှိမှာတော့ မော်ရင်ဟိုဟာ သူ့ရဲ့ ရိုးမားအသင်းထံကို လာရောက် ကစားဖို့ ဟာဇက်ကို စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ ဟာဇက်ကို ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင် ဖုန်းဆက်ကာ စည်းရုံးမှုတွေ ပြုလုပ်နေသလို တစ်ဖက်မှာလည်း ရိုးမားအသင်း အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ဟာဇက်အတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို အရစ်ကျစနစ်နဲ့ ပေးချေဖို့ စတင် စီစဉ်နေကြောင်း သိရပါတယ်။ နန်းကျဘုရင်တွေ ဖြစ်တဲ့ မော်ရင်ဟိုနဲ့ ဟာဇက်တို့ အတူတကွ ပေါင်းစပ်နိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။

The post ရီးရဲလ်ကနေ ထွက်ချင်နေတဲ့ ဟာဇက်ကို ရိုးမားထံ ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ မော်ရင်ဟို appeared first on MySport Myanmar.