စပါးအသင်းရဲ့ နည်းပြဟိုဆေးမော်ရင်ဟိုက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဥရောပချန်ပီယံလိဂ်အတွက် Top 4 ဝင်ခွင့် အားပြိုင်ပွဲဟာ ဒီအချိန်မှာ ဘာကိုမှ ပြောလို့မရနိုင်သေးပဲ အသင်းတိုင်းက ဒီနှစ်ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်အထိကို အဆုံးအဖြတ်ခံယူရလိမ့်မယ်လို့ မှတ်ချက်ပြုသုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့စပါးအသင်းဟာ ဒီနေ့ညမှာတော့ သူတို့အသင်းလိုပဲ ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒီပွဲရဲ့ အနိုင်အရှုံးရလဒ်ဟာလည်း Top 4 ဝင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်မလာသေးဘူးလို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။

 Photo Credit : Goal

မော်ရင်ဟိုရဲ့ စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၇)နေရာကို ရောက်ရှိနေပြီး အဆင့်(၄)နေရာမှာ ရှိလို့နေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ရမှတ်က (၆)မှတ်သာ ကွာဟလို့နေတာကြောင့် စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်သေးတာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်(၃)နေရာက လက်စတာအသင်းနဲ့ အဆင့်(၈)နေရာက အဲဗာတန်အသင်းတို့ဟာ ရမှတ်ပေါင်း (၈)မှတ်သာ ကွာဟလို့နေတာကြောင့် လက်စတာ ဝက်စ်ဟမ်း ချယ်လ်ဆီး လီဗာပူးလ် စပါးနဲ့ အဲဗာတန်အသင်းတို့က Top 4 ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။

 Photo Credit : Goal

ဒီလို Top 4 ဝင်ခွင့်နဲ့ပတ်သက်ပြီး စပါးနည်းပြ မော်ရင်ဟိုက “ကျွန်တော်တို့တွေက တကယ့်ကို အရည်အသွေးရှိတဲ့ ကလပ်အသင်းတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာမှာ ရပ်တည်နေရတာပါ။ အသင်းတိုင်းက ကျွန်တော်တို့တွေနဲ့ ရည်မှန်းချက်တူညီနေကြတယ်။ တချို့ကလည်း ကျွန်တော်တို့ထက်ကို ပိုအလားအလာ ရှိနေသလို တချို့တွေကလည်း ကျွန်တော်တို့ထက် အလားအလာ နည်းလို့နေပါတယ်။ ရည်မှန်းချက်တွေ တူညီစွာ ရှိနေကြတဲ့ ကလပ်အသင်းတွေရဲ့ အားပြိုင်ပွဲက ဒီရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေအထိ အဆုံးအဖြတ် ခံယူရမယ့် အနေအထားမျိုးမှာ ရှိနေရပါတယ်။ နောက်ဆုံးပွဲကို မရောက်သေးမချင်း ဘာကိုမှ အတပ်ပြောလို့ မရနိုင်သေးပါဘူး” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ စပါးအသင်းကို ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် Top 4 အတွင်း ဝင်ရောက်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ရင် အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေပြီး စာချုပ်ပါ အချက်အလက်တွေအရ မော်ရင်ဟိုက စပါးကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မလုပ်ဆောင်ပေးနိုင်လို့ အသင်းက ထုတ်ပယ်မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးကို လျော့ပေါ့ပြီးတော့ ပေးချေရမှာဖြစ်လို့ စပါးဘက်ကနေ နည်းပြအပြောင်းအလဲကို မဆိုင်းမတွ လုပ်ဆောင်လာနိုင်ပါတယ်။

The post Top 4 ပြိုင်ပွဲက နောက်ဆုံးပွဲစဉ်အထိကို အဆုံးအဖြတ်ခံယူရလိမ့်မယ်လို့ မော်ရင်ဟိုသုံးသပ် appeared first on MySport Myanmar.