လာမယ့် ဘောလုံးရာသီမှာ အီတလီ စီးရီးအေကလပ် ရိုးမားအသင်းကို ကိုင်တွယ်တော့မယ့် ပေါ်တူဂီနည်းပြ မော်ရင်ဟိုဟာ ရိုးမားနည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှုအဖြစ် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ မကြာသေးမီကမှ ပရီးမီးယားလိဂ်ကလပ် စပါးအသင်း ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုဟာ စီးရီးအေရဲ့ နန်းကျဘုရင်တပါး ဖြစ်တဲ့ ရိုးမားအသင်းထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ လက်ရှိနည်းပြ ဖွန်ဆီကာရဲ့ နေရာကို အစားဝင်ရမှာ ဖြစ်ပါတယ်။

Photo Credit: The Mirror

ရိုးမားအသင်းဟာ တစ်ချိန်က စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဖျက်မြင်းအသင်း အဆင့်သာ ရှိတော့တာကြောင့် နာမည်ကြီး နည်းပြတဦး ဖြစ်သူ မော်ရင်ဟိုကို ခေါ်ယူကာ အသင်းကို အရင်လို အဆင့်အတန်းမျိုး ပြန်ရောက်အောင် ကြိုးစားဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ လက်ရှိမှာတော့ မော်ရင်ဟိုဟာ ရိုးမားအသင်းထံကို သူ ယုံကြည်ရတဲ့ ကစားသမားတချို့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး အဆိုပါ ကစားသမားတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား ဒီဂီယာ ၊ ကွင်းလယ်ခံစစ် ကစားသမား မာတစ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား မာတာတို့ဟာ ထိပ်ဆုံးက ပါဝင်နေကြောင်း ရောမမြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: The Mirror

တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာဟာ လက်ရှိမှာ ဆိုးလ်ရှားနဲ့ ဆက်ဆံရေး ဆိုးရွားနေသလို မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ သူ့ရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အသင်းရဲ့ လူငယ်ဂိုးသမား ဟန်ဒါဆန်ဆီ ပေးအပ်ဖို့ ပြင်ဆင်နေတာကြောင့် ရာသီကုန်ရင် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသူပါ။ ဒီဂီယာဟာ အသက် ၃၀အရွယ်သာ ရှိသေးသလို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေသေးတာကြောင့် ယူနိုက်တက်က ဒီဂီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းခန့် လိုချင်နေပြီး ရိုးမားအသင်းကတော့ မော်ရင်ဟိုသာ တောင်းဆိုပါက ဒီဂီယာကို အရ ခေါ်ယူပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီဂီယာနဲ့ မော်ရင်ဟိုတို့ ပြန်လည် တွေ့ဆုံဦးမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။

The post တပည့်ဟောင်း ဒီဂီယာကို ရိုးမားအသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မော်ရင်ဟို appeared first on MySport Myanmar.