မနေ့ညက Tottenham Hotspur ကွင်းကြီးထဲမှာ ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဟိုဆေးမော်ရင်ဟိုရဲ့ လက်ရှိကလပ် စပါးကို မော်ရင်ဟိုရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းက ကွင်းလယ်လူဂျော်ဂျင်ဟိုရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီး စပါးအသင်းဟာလည်း ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်တိုက် ရှံးပွဲကြုံတွေ့ခဲ့ရသလို စပါးနည်းပြ မော်ရင်ဟိုအတွက်ကလည်း သူရဲ့နည်းပြဘဝအတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲ(၂)ပွဲကို စတင်ကြုံတွေ့လိုက်ရပါတယ်။

Photo Credit : Grande Guerra

ဒီပွဲစဉ်မှာ စပါးအသင်းဘက်က အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်း ခြေချင်းဝတ်ဒဏ်ရာ ရရှိနေတဲ့အတွက် သူ့ကို ဆက်လက်ချန်လှပ်ထားခဲ့ရပြီး ဘင်ဖီကာအသင်းကနေ အငှားခေါ်ယူထားတဲ့ ဗင်နီဆီယပ်စ်ကို တိုက်စစ်မှာ ဆွန်ဟောင်မင်နဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်း ဒဏ်ရာရနေချိန်ကတည်းက အသင်းရဲ့တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းသွားခဲ့ရတာဖြစ်ပြီး ကိန်းအနားယူနေရချိန်မှာ မော်ရင်ဟိုအနေနဲ့ ဂါရတ်ဘေးလ်ကို နေရာပေးလာနိုင်တယ်လို့ အများက ယူဆထားခဲ့ကြပေမယ့်လည်း မော်ရင်ဟိုကတော့ ဒီနေ့ပွဲစဉ်မှာ ဘေးလ်ကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပြင် အရန်ကနေ လူစားဝင်ကစားခွင့်တောင် ပေးခဲ့ခြင်းမရှိပါဘူး။

Photo Credit : Voetbal International

အသင်းက သွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်ခံထားရချိန်မှာ ဘေးလ်လို အတွေ့အကြုံရှိ တိုက်စစ်ကစားသမားတစ်ယောက်ကို ထည့်သွင်းခဲ့သင့်ပေမယ့်လည်း မော်ရင်ဟိုကတော့ ဒုတိယပိုင်းအတွင်း လာမယ် လူးကပ်စ်မော်ရာတို့ကိုသာ ထည့်သွင်းခဲ့ပြီး နောက်ဆုံးတစ်ကြိမ် လူစားလဲခွင့် ကျန်ရှိနေသေးချိန်မှာတောင် ဘေးလ်ကို အသုံးမပြုခဲ့ပါဘူး။ ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး Stadium Astro သတင်းမီဒီယာကနေ သတင်းထောက်တစ်ဦးက မေးမြန်းလာခဲ့ရာ မော်ရင်ဟိုက “ဒါက မေးခွန်းကောင်းတစ်ခုပါပဲ။ ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကိုတော့ မင်းသိနိုင်ဖို့ မထိုက်တန်ဘူး” လို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဘေးလ်ဟာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့ပေမယ့် အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ သိပ်မပြသနိုင်ခဲ့လို့ လူစားလဲခံခဲ့ရသလို အခု လန်ဒန်ဒါဘီမှာလည်း အသင်းအတွက် လုံးဝကို ပါဝင်ကစားခွင့် ရရှိခဲ့ပြန်ပါဘူး။ ဘေးလ်ဟာ ဒီရာသီမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ စပါးအသင်းဆီကို တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ(၁၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

The post ဘေးလ်ကို ဘာကြောင့်ထည့်သွင်း အသုံးပြုခြင်းမရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုခြင်းမရှိခဲ့တဲ့ မော်ရင်ဟို appeared first on MySport Myanmar.