MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးအသင်းရဲ့ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၅)ကြိမ်အဖြစ် ရယူခဲ့ပြီးတဲ့နောက်မှာ ပရီးမီးယားပြိုင်ပွဲအတွင်း ပါဝင်ကစားခဲ့ဖူးတဲ့ တောင်အမေရိက အခြေစိုက်ကစားသမားတွေအနက် ပရီးမီးယားလိဂ်ဆုဖလားကို အကြိမ်ရေအများဆုံး ရယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ အက်စတွန်ဗီလာ ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ကို လာမယ့်နွေစျေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ တဖြည်းဖြည်း နီးစပ်လျက်ရှိနေပြီလို့ သိရပါတယ်။ ဟီတန်ဟာ ယူနိုက်တက်လူငယ်အသင်းမှာ ၂၀၀၂ခုနှစ်ကနေ ၂၀၀၅ခုနှစ်အထိ ပါဝင်ကစားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးက ဒီနှစ်ဘောလုံးရာသီဟာ သူရဲ့ဘောလုံးသမားဘဝအတွင်းမှာ အဆိုးရွှားဆုံးသော ရာသီတစ်ခုဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ မာနေးဟာ ဒီရာသီအတွင်း ပြိုင်ပွဲစုံမှာ (၁၃)ဂိုးသာ သွင်းယူထားနိုင်သလို အန်ဖီးလ်ကွင်းမှာ သွင်းယူနိုင်ခဲ့တဲ့ သူရဲ့သွင်းဂိုးဟာလည်း (၃)ဂိုးလေးသာ ရှိနေခဲ့ရပါတယ်။

ဝါရင့်အီတလီဂိုးသမားကြီး ဘူဖွန်ကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူလက်ရှိ ပါဝင်ကစားနေတဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း နောက်တစ်ကြိမ် လက်တွဲဖြုတ်သွားတော့မယ်လို့ သိရပါတယ်။ အသက်(၄၃)နှစ်အရွှယ် ဂိုးသမားကြီးအနေနဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောဆိုထားခဲ့ပါတယ်။

ရိုးမားအသင်းရဲ့ အာမေနီးယားကြယ်ပွင့် ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းကို စတင်ကိုင်တွယ်တော့မယ့်ပ နည်းပြဟိုဆေးမော်ရင်ဟိုနဲ့ မပြေလည်တဲ့ ဆက်ဆံရေးတွေ ရှိထားခဲ့တာကြောင့် လာမယ့်နွေစျေးကွက်မှာပဲ ရိုးမားအသင်းကနေ ထွက်ခွာသွားဖို့အထိပါ ပြင်ဆင်နေတယ်လို့ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (12.5.2021) appeared first on MySport Myanmar.