MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။


အေစီမီလန်အသင်းရဲ့ ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်း ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကိုဆက်မကစားနိုင်တော့ပဲ လူစားလဲခဲ့ရသလို ဒီဒဏ်ရာကြောင့် မကြာခင်မှာ ကျင်းပတော့မယ့် ယူရိုပြိုင်ပွဲကြီးကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်း ကွင်းလယ်လူ စမစ်ရိုး တောင်ပံကစားသမား ပေပေတို့ရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ်ဦးဆောင်ထားခဲ့ပြီး ဒါဟာ အသင်းအနေနဲ့ (၃)လတာကာလအတွင်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေအတွင်း ပထမပိုင်းမှာပဲ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် အမာခံနောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားဟာ အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့လို့ လူစားလဲခဲ့ရတဲ့အပြင် ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ဖိုင်နယ်ကိုပါ ဝင်ရောက်ကစားနိုင်ဖို့ မရေရာတော့တဲ့ အနေအထား ဖြစ်လာခဲ့ရပါတယ်။

လာမယ့်နွေစျေးကွက်မှာ စပါးအသင်းကနေ ထွက်ခွာသွားဖွယ်ရှိတဲ့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်ကစားသမား ဟာရီကိန်းကို မန်ချက်စတာအသင်း(၂)သင်းနဲ့အပြိုင် ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားလျက်ရှိနေပြီး ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကိုယ်တိုင်ကပါ ဟာရီကိန်းကို အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြကြီးတစ်ဦးဖြစ်တဲ့ ဝက်စ်ဘရွန်းနည်းပြကြီး ဆမ်အလာဒိုက်ဟာ မနေ့ညက အာဆင်နယ်အသင်းနဲ့ ဝက်စ်ဘရွန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်ကို (၃)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်လိုက်ရတာကြောင့် သူရဲ့နည်းပြဘဝအတွင်း ပထမဦးဆုံးအကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (10.5.2021) appeared first on MySport Myanmar.