MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် တန်းတတ်ခွင့်ရခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းဟာ နွေရာသီစျေးကွက်အတွင်း ကစားသမား ခေါ်ယူဖြည့်တင်းမှုအဖြစ် စကော့ထိပ်သီးကလပ် ဆဲလ်တစ်အသင်းရဲ့ နော်ဝေနောက်ခံကစားသမား ခရစ်စတိုဖာအေဂျာကို ပြောင်းရွှေ့ကြေး ပေါင်(၁၃.၅)သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

နည်းပြသစ် ပက်ထရစ်ဗီယာရာ ကိုင်တွယ်လို့နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မနှစ်က ဘောလုံးရာသီရဲ့ ရာသီဝက်အတွင်း ရှော်ကေးကနေ လီဗာပူးလ်အသင်းဆီမှာ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ တူရကီ နောက်ခံကစားသမားလေး အိုဇန်ကာဘတ်ကို ခေါ်ယူသွားဖို့အတွက် ရှော်ကေးအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အတ္တလန်တာအသင်းရဲ့ အီတလီ ဂိုးသမား ဂိုလီနီကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ကလည်း မကြာခင် အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။ ဂိုလီနီဟာ စပါးအသင်းကို အငှား+အငှားသက်တမ်းတိုးခွင့်+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူးနီဟက်ဇ်အနေနဲ့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ အသက်လက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွှယ် ရှိပြီဖြစ်တဲ့ ဘရာဇီး ဝါရင့်ကစားသမားကြီး မာတာဟာ မနေ့က တရုတ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိုလံပစ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့အတွက် အိုလံပစ် ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် အိုလံပစ်ပြိုင်ပွဲ (၅)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဘောလုံးသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရှာကွီရီ အော်ရီဂီတို့ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေတာကြောင့် ဒီကစားသမားတွေရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဝက်စ်ဟမ်းအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘိုဝင်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြသွားခဲ့ပါတယ်။