MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၂၉)နှစ်အရွှယ်ရှိ ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဝီလီယံဟိုဆေးကတော့ ဝုလ်ဗ်အသင်းဆီကို ရာသီဝက်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး အငှားစာချုပ် ကုန်ဆုံးချိန်မှာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)နဲ့ အပြီးသတ်ခေါ်ယူနိုင်ခွင့်ကိုပါ သဘောတူညီချက်မှာ ပါရှိခဲ့တယ်လို့ သိရပါတယ်။ ဝီလီယံဟိုဆေးဟာ ဝုလ်ဗ်မှာ ကျောနံပါတ်(၁၂)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

အသင်းဟောင်းဖရန့်ဖတ်ဆီကို အငှားစာချုပ်နဲ့ ပြန်လည်ရောက်လာခဲ့တဲ့ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမား လူကာယိုဗစ်ဟာ အခု အသင်းအတွက် (၂)ပွဲသာ ကစားထားခဲ့ရပေမယ့်လည်း သွင်းဂိုး(၃)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သလို သူပါဝင်ခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေမှာလည်း ဖရန့်ဖတ်အသင်းက ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

အီတလီလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား အယ်ရှာရာဝီဟာ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ကာ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ အီဂျစ်နွယ်ဖွား တောင်ပံတိုက်စစ်ကစားသမား အယ်ရှာရာဝီကို စီးရီးအေကလပ်အသင်းတွေက ခေါ်ယူချင်နေပြီး အသင်းဟောင်းရိုးမားနဲ့ ပြန်လည်ပူးပေါင်းဖွယ်လည်း ရှိနေပါတယ်။

အတ္တလန်တာနည်းပြ ဂတ်စပါရီနီက သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား ဂိုးမက်ဇ်အနေနဲ့ ဆီဗီလာအသင်းဆီ ပြောင်းရွှေ့မလား ဒါမှမဟုတ် အခြားသော ကလပ်အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့မလားဆိုတာ သေချာမသိပေမယ့်လည်း ဘယ်အသင်းကိုပဲ သူရောက်သွားရောက်သွား သူ့အတွက် အကောင်းဆုံးတွေသာ ဖြစ်လာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ စတီဖင်ဂျရတ်ဟာ အခုဆိုရင် သူရဲ့ ရိန်းဂျားနည်းပြဘဝ ပွဲပေါင်း(၁၅၀)အထိကို ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဂျရတ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရိန်းဂျားအသင်းကို စကော့တလန် အမှတ်ပေးပြိုင်ပွဲအတွင်း လုံးဝရှုံးပွဲမရှိတဲ့ အသင်းတစ်သင်းဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ဒုတိယနေရာက ဆဲလ်တစ်အသင်းကိုလည်း (၂၃)မှတ်အထိပါ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (24.1.2021) appeared first on MySport Myanmar.