MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနွေစျေးကွက်အတွင်းမှာ လိဒ်စ်ယူနိုက်တက်အသင်းက ပစ်မှတ်ထား ခေါ်ယူသွားဖွယ် ရှိလို့နေတဲ့ ဝုလ်ဗ်အသင်းရဲဲ့ စပိန်တောင်ပံတိုက်စစ်ကစားသမား အဒါမာထရာအိုရေးကို စပါးအသင်းကပါ အပြိုင်စိတ်ဝင်စားလာခဲ့ပြီး ဝုလ်ဗ်အသင်းကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄၅)သန်းအထိ ပေးချေရမယ်လို့ တုန့်ပြန်ထားပါတယ်။

မနေ့က စိတ်ကျန်းမာရေး ရန်ပုံငွေပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေး ဒဏ်ရာရသွားခဲ့တာကြောင့် အသင်းနည်းပြ အာတီတာက ချာကာနဲ့ လူစားလဲခဲ့ရသလို ပါတေးဒဏ်ရာကြောင့် ချာကာကိုပါ အသင်းကနေ ရောင်းချခြင်း မပြုလုပ်သွားပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားမယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ယူကရိန်းလက်ရွေးစင်အသင်းကို အသင်းရဲ့ သမိုင်းတလျှောက် ယူရိုကွာတားဖိုင်နယ်အဆင့်ထိ ပိုဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြရှက်ချင်ကိုဟာ ယူကရိန်းအသင်းနည်းပြရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း (၅)နှစ်တာ ဖြတ်သန်းခဲ့တဲ့ သူရဲ့ယူကရိန်းနည်းပြဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

အီတလီအခြေစိုက် သတင်းမီဒီယာ Calcio Mercato ရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်အသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဖီအိုရင်တီးနားအသင်းရဲ့ဆာဘီးယားလက်ရွေးစင် နောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပြီး ကစားသမားကလည်း အသင်းနဲ့ သက်တမ်းတစ်နှစ်သာ ကျန်ရှိနေတာလို့ ဂျုဗီအနေနဲ့ Cut-Price နဲ့ပင် အရခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းရဲ့ စပိန်နောက်ခံကစားသမား လာပေါ့တ်က အသင်းရဲ့ ခံစစ်မှာ ရူဘင်ဒီယက်စ်နဲ့ ဂျွန်စတုန်းတို့ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပါဝင်ကစားနေရခြင်းအပေါ် စိတ်ပျက်လျက်ရှိနေတာကြောင့် အခုနွေစျေးကွက်အတွင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားချင်နေပြီး ထွက်ခွာခွင့်လည်း တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။