နာပိုလီအသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား အာခါဒုရှ်စ်မီလစ်ခ်ကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ နာပိုလီအတွက် တစ်ပွဲမှကို ပါဝင်ကစားပေးခွင့် လုံးဝမရထားခဲ့ပဲ အသင်းနဲ့ လမ်းခွဲဖို့ကလည်း သေချာသလောက်ကို ရှိနေသလို နာပိုလီနဲ့ မီလစ်ခ်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ဒီနှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် လက်ရှိဆောင်းစျေးကွက်အတွင်းမှာပဲ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဖြစ်ပြီး ဂျုဗင်တပ်စ်နဲ့ ရိုးမားတစ်သင်းသင်းကို ရွေးချယ်သွားနိုင်တယ်လို့ မီလစ်ခ်ရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၂၆)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား မီလစ်ခ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းအတွက် ပြိုင်ပွဲစုံ(၃၅)ပွဲအထိကို ပါဝင်ကစားခဲ့ကာ သွင်းဂိုး(၁၄)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ နာပိုလီဘက်က လိုင်လီကနေ တိုက်စစ်ကစားသမား အော့ဆီမန်ကို ခေါ်ယူတာကြောင့် မီလစ်ခ်ရဲ့ အခန်းကဏ္ဍာက မှေးမှိန်လာခဲ့ပြီး အခုအချိန်ထိ အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားထားရသေးခြင်းလည်း မရှိပါဘူး။ ဒီလို အခြေအနေရှိနေတဲ့ မီလစ်ခ်ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ ပစ်မှတ်ထားနေကြပြီး သူရဲ့အေးဂျင့်ဖြစ်သူကတော့ မီလစ်ခ်အနေနဲ့ စီးရီးအေအသင်းတွေကိုပဲ ရွေးချယ်သွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : BeSoccer

မီလစ်ခ်ရဲ့ အေးဂျင့်က “ပရီးမီးယားလိဂ်ပြိုင်ပွဲက ထိပ်တန်းကလပ်အသင်းတွေ အသက်လက်တီကိုနဲ့ မာဆေးလ်အသင်းတွေအားလုံးတို့က မီလစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်။ ဒါပေမယ့် ဘယ်အသင်းကမှတော့ မီလစ်ခ်အတွက် တရားဝင်ကမ်းလှမ်းမှုတွေကိုတော့ မလုပ်ဆောင်သေးပါဘူး။ ရိုးမားနဲ့ ဂျုဗင်တပ်စ်အသင်းတွေကလည်း မီလစ်ခ်ကို ခေါ်ယူသွားဖို့အတွက် နီးစပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ အပြောင်းအရွှေ့က အထမမြောက်လာခဲ့ရဘူး။ သူတို့တွေကတော့ လက်ရှိအချိန်ထိ မီလစ်ခ်ကို စိတ်ဝင်စားနေကြဆဲပါပဲ။ သူတို့ဘက်ကနေ ထပ်ပြီးကမ်းလှမ်းလာခဲ့မယ်ဆိုရင်လည်း ကျွန်တော်ကတော့ သူတို့ကို မပယ်ချနိုင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တိုက်စစ်ကစားသမားမီလစ်ခ်ဟာ ၂၀၁၆ခုနှစ်ကမှ အေဂျက်စ်အသင်းကနေ နာပိုလီအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၃၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ကိုပါအီတလီယာဖလားကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ မီလစ်ခ်ဟာ လေဗာကူဆင် အော့စ်ဘတ်အသင်းတွေမှာလည်း ကျင်လည်ခဲ့ဖူးသူဖြစ်သလို ပိုလန်နဲ့အတူ ယူရိုပြိုင်ပွဲ ဆင်နွဲရဖို့အတွက် အခုဆောင်းစျေးကွက်မှာပင် အသင်းပြောင်းသွားဖွယ် ရှိနေပါတယ်။

The post ဂျုဗင်တပ်စ် ဒါမှမဟုတ် ရိုးမား တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်ဆိုတဲ့ မီလစ်ခ် appeared first on MySport Myanmar.