ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး နည်းပြတဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်ထောက်နည်းပြ ဖြစ်တဲ့ မူလန်စတင်း ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဖလားကို ပြန်လည် ရယူနိုင်ဖို့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို အကြိမ် ၂၀အထိ ရယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေပေမယ့် ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့ ၂၀၁၃ခုနှစ် နောက်ပိုင်းမှာ အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ခြင်း မရှိသေးပါဘူး။

Photo Credit: Metro

၂၀၁၃ခုနှစ် ကနေ လက်ရှိ ၂၀၂၁ခုနှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမြဲတမ်းနည်းပြ ၄ဦး အထိ ခန့်အပ်ခဲ့ပေမယ့် အမြင့်ဆုံး အောင်မြင်မှုအနေနဲ့ ယူရိုပါလိဂ်ဖလားသာ ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ အဆင့် ၂ကသာ သူတို့ရဲ့ အမြင့်ဆုံး ရပ်တည်မှု ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေက အသင်းအနေနဲ့ အကောင်းဆုံး ကစားသမားတွေ ဖြည့်တင်းကာ လိဂ်ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်မယ့် နေ့ရက်ကို မျှော်လင့်နေကြပြီး ယူနိုက်တက်မှာ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူခဲ့တဲ့ မူလန်စတင်း ကတော့ စပါးအသင်းကနေ ထွက်ခွာချင်နေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို လိဂ်ချန်ပီယံ ပြန်ဖြစ်အောင် ကူညီပေးနိုင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Metro

ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်ကို လိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်တဲ့ အကြောင်းကို မူလန်စတင်းက – “ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ၊ ချန်ပီယံဖြစ်ဖို့ ဆိုရင် အသင်းကို အင်အားဖြည့်တင်းရပါမယ်။ တကယ်လို့ ယူနိုက်တက်ကသာ ဟယ်ရီကိန်းကို ခေါ်နိုင်မယ်ဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တဲ့ အသင်းကောင်း ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီကိစ္စက အမှန်တကယ် ဖြစ်ပေါ်လာမလား ဆိုတာကိုတော့ ကျွန်တော်တို့တွေ စောင့်ကြည့်ရမှာပါ။ အခုဆို ကျွန်တော်တို့ (ယူနိုက်တက်)မှာ တကယ်ကို တော်တဲ့ လူငယ်လေးတွေ ရှိနေပါပြီ။ ဒါပေမယ့် အသင်းဟာ ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတွေကို လိုအပ်နေပါသေးတယ်။ တကယ်လို့ ယူနိုက်တက်သာ ဟယ်ရီကိန်းလို ကစားသမားမျိုးကို ခေါ်နိုင်ခဲ့ရင်တော့ သူတို့ဟာ အရမ်းကို တိုးတက်သွားပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ စပါးအသင်းက ထွက်ခွာဖို့ ရေပန်းစားနေတဲ့ ကစားသမား ဖြစ်ပြီး စပါးအသင်း ကတော့ ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းခန့် အလိုရှိနေပါတယ်။

The post ချန်ပီယံဖြစ်ချင်ရင် ဟယ်ရီကိန်းကို ခေါ်ဖို့ မန်ယူအသင်းကို တိုက်တွန်းခဲ့တဲ့ မူလန်စတင်း appeared first on MySport Myanmar.