အာဆင်နယ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးကတော့ သူရဲ့အာဆင်နယ်ကစားသမားဘဝအတွင်း တွဲဖက်ကစားခဲ့ဖူးသမျှ ကစားသမားတွေအားလုံးထဲကမှ သူ့အတွက် အကောင်းဆုံးဖြစ်စေခဲ့တဲ့ အနှစ်သက်ဆုံး ဖြစ်စေခဲ့တဲ့ ကစားသမား(၁၁)ယောက်ကို ရွေးချယ်ပြီး သူအကြိုက်နှစ်သက်ဆုံး အာဆင်နယ်အသင်းအဖြစ်နဲ့ ဖော်ပြလာခဲ့ရာ ဆန်တီကာဇိုလာ အလက်ဆစ်ဆန်းချက်ဇ်နဲ့ အူဘာမီယန်းတို့လို ကစားသမားတွေ ပါဝင်လာခဲ့ကြပါတယ်။

Photo Credit : Daily Mail

အိုဇေးဟာ မနေ့ကပဲ သူရဲ့တွစ်တာအကောင့်ကနေပြီး ပရိသတ်များနဲ့ အမေးအဖြေအစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ရာ သူတွဲကစားခဲ့ဖူးတဲ့ အာဆင်နယ်အသင်းသားတွေအားလုံးထဲကမှ သူ့အတွက် အနှစ်သက်ဆုံး ကစားသမားတွေကို ရွေးချယ်ရမယ့်အချိန်မှာတော့ အိုဇေးက အော့ပီနာ(ဂိုး) ဆာဂ်နာ မာတီဆက်ကာ ကိုစီယယ်နီ ကိုလာစီနက်ရှ် ကာဇိုလာ ရမ်ဆေး နာဘရီ ဆန်းချက်ဇ် အူဘာမီယန်းနဲ့ သူကိုယ်တိုင် ရွေးချယ်သွားခဲ့ပါတယ်။ အိုဇေးရွေးချယ်သွားခဲ့တဲ့ အကောင်းဆုံးကစားသမားစာရင်းမှာတော့ လက်ရှိအသင်းမှာ ကစားနေသူဆိုလို့ တိုက်စစ်မှူးအူဘာမီယန်းတစ်ယောက်သာ ပါဝင်လို့နေပါတယ်။

Photo Credit : Twitter

ထူးခြားတာတစ်ခုကတော့ အိုဇေးရွေးချယ်လိုက်တဲ့ ဂိုးသမားက အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ပီတာချက်လည်းမဟုတ်သလို လက်ရှိအသင်းရဲ့ နံပါတစ်ဂိုးသမားလည်းဖြစ် အိုဇေးနဲ့ တစ်နိုင်ငံတည်းသားတွေလည်းဖြစ်တဲ့ လေနိုလည်းမဟုတ်ပဲ လက်ရှိနာပိုလီအသင်းရဲ့ ဂိုးသမားတစ်ယောက်ဖြစ်နေတဲ့ အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်အော့စ်ပီနာသာ ဖြစ်နေတာပါပဲ။ ဒါ့အပြင် တောင်ပံနေရာအတွက်မှာလည်း အသင်းကနေ အလွယ်တကူ လက်လွတ်လိုက်တဲ့ ဂျာမန်ကစားသမား နာဘရီကို ထည့်သွင်းလို့ထားပြီး ဘယ်နောက်ခံနေရာမှာတော့ မကြာသေးခင်မှ ရှော်ကေးကို ပြန်လည်ရောက်ရှိသွားတဲ့ သူရဲ့အသင်းဖော်ဟောင်း ကိုလာစီနက်ရှ်ကို ထည့်သွင်းထားခဲ့ပါတယ်။ အိုဇေးဟာ သူရဲ့ပရိသတ်တွေ မေးမြန်းသမျှ ပြန်လည်ဖြေဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီး သူရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတချို့ကိုပါ ဖြေဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အိုဇေးက သူဟာ တူရကီနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းသွားချင်နေပြီး တကယ်လို့သာ တူရကီမှာ ဘောလုံးကစားခွင့်ရမယ်ဆိုရင်လည်း သူကစားချင်နေတဲ့ ကလပ်အသင်းက ငယ်စဉ်ကတည်းက အရူးအမူးအားပေးလာခဲ့တဲ့ ဖီနာဘာချီအသင်းတစ်သင်းသာရှိပြီး ဖီနာဘာချီဆိုတာ တူရကီအမှတ်ပေးလိဂ်မှာဆိုရင် ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးဖြစ်ကြောင်း အမွှမ်းတင်ပြောဆိုခဲ့တာကြောင့် ဖီနာဘာချီနဲ့ အိုဇေးတို့ အပြောင်းအရွှေ့သတင်းဟာလည်း ပိုမိုအရှိန်မြင့်လာခဲ့ရပါတယ်။

The post အိုဇေးရွေးချယ်လိုက်တဲ့ သူ့အတွက် အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမား(၁၁)ယောက်စာရင်း appeared first on MySport Myanmar.