ယမန်နေ့ည ညလယ်ပိုင်းမှာတော့ စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ် ၊ အဓိက ကစားသမားလည်း ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ၂၀၁၇ ခုနှစ် ကနေ လက်ရှိ ၂၀၂၁ ခုနှစ် အထိ ၅နှစ်တာ ကာလအတွင်းမှာ ဘာစီလိုနာ အသင်းကနေ ငွေကြေး ယူရို ၅၅၅သန်း အထိ ရရှိခဲ့ကြောင်း အချက်အလက် သတင်းတွေ အံ့အားသင့်ဖွယ်ရာ ပေါက်ကြား လာခဲ့ပါတယ်။ လက်ရှိမှာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရွှေဘောလုံးဆု ၆ဆုရှင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ်သာ မချုပ်ဆိုဖြစ်ရင် ရာသီကုန်မှာ ကြိုက်တဲ့ ဥရောပ အသင်းတစ်သင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မယ့် ကစားသမားပါ။

Photo Credit: EL MUNDO

မက်ဆီက ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အချိန်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖြစ်ပြီး အဆိုပါ အချိန်မှ စတင်ကာ ဘာစီလိုနာ အသင်းမှာ ဘယ်သူမှ မရရှိနိုင်တဲ့ မြင့်မားတဲ့ လုပ်ခလစာငွေ တစ်ရပ်ကို ရရှိခဲ့သလို သူဟာ ၅နှစ်တာ ကာလအတွက် ဘာစီလိုနာ အသင်းကနေ စုစုပေါင်း ယူရို ၅၅၅သန်း အထိ ရရှိခဲ့ကြောင်း စပိန် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်သူ EL MUNDO က ဖော်ပြ သွားခဲ့ပါတယ်။ EL MUNDO ဟာ ဘာစီလိုနာ အသင်းက မက်ဆီကို ငွေကြေး ပေးချေတဲ့ အစီအစဉ် တစ်ခုလုံးကို အသေးစိတ် သိရှိနေတာ ဖြစ်ပြီး အခုလို အသင်းရဲ့ အတွင်းသတင်း တစ်ခု ပေါက်ကြား လာခဲ့တာဟာ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ အပါအဝင် မက်ဆီကိုပါ အလွန်အမင်း အံ့အားသင့်စေခဲ့ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းမီဒီယာတွေက ဆိုပါတယ်။

Photo Credit: EL MUNDO

EL MUNDO သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အတွက် ဆုကြေးငွေ အဖြစ် ယူရို ၁၁၅သန်း ကို ပေးချေခဲ့ရသလို မက်ဆီဟာ ယခုနှစ် ရာသီ အကုန်အထိ အသင်းမှာ ဆက်လက် ရှိနေပါက သစ္စာရှိကြေး အဖြစ် ယူရို ၇၇.၉ သန်း အထိ ထပ်မံ ရရှိဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် EL MUNDO သတင်းဌာနက ဘာစီလိုနာ အသင်းအနေနဲ့ ၂၀၁၇ ခုနှစ်မှ စတင်ကာ မက်ဆီကို အခြေခံလစာ ၊ ဆုကြေးငွေတွေနဲ့ အခြား အထွေထွေ ရပိုင်ခွင့်တွေ အတွက် တစ်နှစ်ကို အနိမ့်ဆုံး ယူရို ၁၃၈သန်း အထိ ပေးချေခဲ့ရတာ ဖြစ်ပြီး မက်ဆီဟာ ၅နှစ်တာ ကာလ အတွင်းမှာ ဘာစီလိုနာ အသင်းကနေ ယူရို ၅၅၅.၂၃၇၆၉ သန်း အထိ ရရှိခဲ့ကြောင်းနဲ့ ဘာစီလိုနာ အသင်းဟာ မက်ဆီကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေနေရတာဟာ အသင်းရဲ့ ဘဏ္ဏာရေးဟန်ချက်ကို ထိန်းသိမ်းဖို့ ခက်ခဲခဲ့တဲ့ အကြောင်းအရင်း တစ်ရပ် ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

The post ၅နှစ်အတွင်း ဘာစီလိုနာ အသင်းကနေ ငွေကြေး ယူရို ၅၅၅သန်း အထိ ရရှိခဲ့တဲ့ မက်ဆီ appeared first on MySport Myanmar.