စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ အပူတပြင်း ကြိုးစားနေပြီး မက်ဆီရဲ့ ဖခင်လည်းဖြစ် ၊ အေးဂျင့်လည်း ဖြစ်တဲ့ ဂျော့စ်မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ဖြစ်တဲ့ လာပေါ်တာတို့ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးကို ဘာစီလိုနာအသင်းမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ပေမယ့် လက်ရှိမှာတော့ အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေကာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေသူပါ။

Photo Credit: Express

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူပြီးနောက်ပိုင်းမှာ အသင်းအနေနဲ့ အဓိက ဆုဖလားတွေကို ရယူနိုင်ခြင်း မရှိတော့တဲ့ အခြေအနေကို စိတ်ပျက်နေတာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဘုတ်အဖွဲ့ထံ စာရေးသား တောင်းဆိုခဲ့ကာ ဘာစီလိုနာအသင်း ကတော့ မက်ဆီရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ လာပေါ်တာဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် အဖြစ် ရွေးချယ် တင်မြှောက်ခံရပြီးနောက်မှာ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ပြန်လည် စဉ်းစားခဲ့ကာ အသင်းရဲ့ ခြေစွမ်းပိုင်းဟာလည်း တစ်ဟုန်ထိုး ထိုးတက်လာပြီး လာလီဂါ ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့ နီးစပ်နေတဲ့ အနေအထားကို ရောက်ရှိလာပါတယ်။

Photo Credit: Express

စပိန်အခြေစိုက် နာမည်ကြီး တီဗွီချန်နယ် ဖြစ်တဲ့ TV3ရဲ့ ဖော်ပြချက်အရ လာပေါ်တာနဲ့ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီတို့ဟာ မက်ဆီရဲ့ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် စာချုပ်သစ် အတွက် သဘောတူညီမှုတော့ မရခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေကာ အသင်းမှာ ဆက်နေမလား ၊ မနေဘူးလား ဆိုတဲ့ အချက်ကို လုပ်ခလစာထက် ဘာစီလိုနာ အသင်းရဲ့ အဓိက ဆုဖလားတွေကို ရယူနိုင်စွမ်းနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်းလည်း TV3က ဆိုပါတယ်။ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေကတော့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက သူ့ရဲ့ လုပ်ခလစာကို ထက်ဝက်ခန့် လျှော့ချကာ ယူရမှာဖြစ်ပြီး အဆိုပါ လျှော့ချမှုကနေ ပိုလျှံလာတဲ့ ငွေကြေးတွေကို ဘာစီလိုနာအသင်းဟာ ထိပ်တန်း ကစားသမားတဦးကို ခေါ်ယူဖို့ သုံးစွဲသွားမှာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။

The post ဘာစီလိုနာအသင်းမှာ ဆက်နေရင် လုပ်ခလစာ တစ်ဝက်ခန့် လျှော့ယူရမယ့် မက်ဆီ appeared first on MySport Myanmar.