ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ မာရီစီယိုပိုချက်တီနိုကတော့ လတ်တလောမှာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီနဲ့ပတ်သက်ပြီး သူနဲ့မက်ဆီတို့နှစ်ယောက်ဟာ တစ်သင်းတည်းမှာ အတူတကွ တွဲဖက်ကစားကြဖို့ နီးစပ်ခဲ့ဖူးကြောင်းနဲ့ သူရဲ့အသင်းဟောင်း အက်စပန်ညိုကလည်း မက်ဆီကို အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Italy 24News

အသက်(၄၈)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ သူရဲ့ကစားသမားဘဝ နောက်ဆုံးသော ကလပ်အသင်းဖြစ်ခဲ့တဲ့ အက်စပန်ညိုအသင်းမှာ နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ အက်စပန်ညိုမှာ ပိုချက်တီနို ပါဝင်ကစားနေချိန်တုန်းက လီယွန်နယ်မက်ဆီဟာလည်း လာမာစီယာအကယ်ဒမီကနေ ဘာစီလိုနာစီနီယာအသင်းအတွက် ပါဝင်ကစားပေးတော့မယ့် အချိန်ဖြစ်ပြီး အသက်အရွှယ်ရော အတွေ့အကြုံပါ နုနယ်နေသေးတဲ့ မက်ဆီကို အသင်းမှာ ချက်ချင်းအသုံးပြုတာထက် လာလီဂါကလပ်အသင်းတစ်သင်းဆီကို အငှားချဖို့ ဘာစီလိုနာဘက်ကနေ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : Twitter

ဒီအချိန်မှာ ဘာစီလိုနုာရဲ့ ကတ်တလန်မြို့ခံအသင်းဖြစ်တဲ့ အက်စပန်ညိုအသင်းကနေ မက်ဆီကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာ အပြောင်းအရွှေ့က ဖြစ်ပေါ်လုနီးပါးအထိ ရှိခဲ့ရတယ်လို့ ပိုချက်တီနိုက ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။ ပိုချက်တီနိုက “မက်ဆီ ပီအက်စ်ဂျီကို လာမှာလားဆိုတဲ့ မေးခွန်းအပေါ် ကျွန်တော် ဘာမှတ်ချက်မှ မပေးချင်ပါဘူး။ ကျွန်တော် အက်စပန်ညိုမှာ ရှိနေခဲ့စဉ်တုန်းကတော့ မက်ဆီက ကျွန်တော်တို့အသင်းဆီကို ရောက်ရှိလာဖို့တော့ နီးစပ်ခဲ့ဖူးပါတယ်။ ဆွေးနွေးမှုတွေလည်း ကောင်းမွန်ခဲ့တယ်။ တဆင့်ပြီးတဆင့် အဆင်ပြေခဲ့တယ်။ ဒါပေမယ့် မက်ဆီက ဘာစီလိုနာအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲနဲ့ ဖိတ်ခေါ်ဖလားပွဲတွေမှာ တကယ့်ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြခဲ့ပြီးတဲ့နောက်တော့ ကမ်းလှမ်းထားမှုတွေအားလုံးက အဆုံးသတ်သွားခဲ့ရတယ်။ ကျွန်တော်တို့နှစ်ယောက်က နယူးဝဲလ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ကြသူတွေဖြစ်လို့ မကြာခဏဆိုသလို ဆုံဖြစ်တယ်။ နယူးဝဲလ်အသင်းကို ချစ်ခင်ကြောင်းတွေ မျှဝေကြတယ်။ ဒီအချိန်မှာတော့ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို ကျွန်တော်ဘာမှမပြောဆိုချင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီကို ခေါ်ယူသွားချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးနေရာကနေကို ပါဝင်လျက်ရှိနေပါတယ်။

The post အက်စပန်ညိုမှာ မက်ဆီနဲ့ တွဲဖက်ကစားဖို့ အလွန်နီးစပ်ခဲ့ဖူးတယ်လို့ ပြောဆိုလာတဲ့ ပိုချက်တီနို appeared first on MySport Myanmar.