ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေပြီး အမ်ဘာပေရဲ့ တတိယမြောက် ကလပ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ဖြစ်နိုင်ကြောင်း စပိန်သတင်းဌာနတွေက အသီးသီး ဖော်ပြသွားကြပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦးဖြစ်ပြီး အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့်သူ အဖြစ် အများရဲ့ ထင်ကြေးပေးမှုကို ခံထားရသူ ဖြစ်ကာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာဖို့ ကြိုးစားနေပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ အမ်ဘာပေရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်း အနေနဲ့ အမ်ဘာပေကို စာချုပ်သက်တမ်း တိုးနိုင်ခြင်း မရှိပါက အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရအောင် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ မဖြစ်မနေ ရောင်းချရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာခင်မှာ အမ်ဘာပေ အတွက် စတင် ကမ်းလှမ်းတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Dairo ASရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကို သဘောကျသူ ဖြစ်ကာ သူ့ရဲ့ လက်အောက်မှာ ကစားချင်ပေမယ့် ဇီဒန်း ရှိခြင်း ၊ မရှိခြင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ကြောင်း ၊ ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းခန့် သုံးစွဲဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကို ချန်ပီယံလိဂ် ဆုဖလား ၃နှစ်ဆက်တိုက် ရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ ပြင်သစ် ဂန္တဝင် ကစားသမားကြီး ဇီဒန်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ သူ့ရဲ့ အသင်းဟောင်းတသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး သူ့ရဲ့နေရာကိုတော့ ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီနီနဲ့ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းရဲ့ နည်းပြ ရာအူးလ်တို့က အစားဝင်ဖွယ် ရှိနေပါတယ်။

The post ဇီဒန်း ရှိရှိ ၊ မရှိရှိ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ အမ်ဘာပေ appeared first on MySport Myanmar.