လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား ဂျိုရယ်မာတစ်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး အသင်းနဲ့ လေ့ကျင့်ခန်းတွေကိုပါ ပြုလုပ်နေပြီဖြစ်ကြောင်း လီဗာပူးလ်အသင်းရဲ့ တရားဝင်တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့တာကြောင့် ခံစစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အတွက် အားတတ်စရာ ဖြစ်လာနိုင်သလို မနက်ဖြန်ညမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Empire of the Kop

အသက်(၂၉)နှစ်အရွှယ်ရှိ ကင်မရွန်းလက်ရွေးစင် နောက်ခံကစားသမား မာတစ်ဟာ ဝက်ဘရွန်းအသင်းနဲ့ တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကို ရရှိခံစားခဲ့ရတာဖြစ်လို့ အဲ့ဒီနောက်ပိုင်းကတည်းက အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မာတစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပြီး တကယ်လို့သာ ကြံခိုင်မှုအခြေအနေသာ ကောင်းမွန်နေခဲ့မယ်ဆိုရင် မနက်ဖြန်ညမှာ ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အရေးကြီးတဲ့ပွဲစဉ်ကိုပါ ပါဝင်ဆင်နွဲရဖွယ် ရှိနေပါတယ်။

Photo Credit : Liverpool FC

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုကို အလူးအလဲ ရင်ဆိုင်လို့နေရပြီး လက်ရှိမှာလည်း အသင်းရဲ့ အဓိကနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂျိုးဂိုးမက်ဇ်တို့က ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားယူနေရသလို အသင်းအတွက် အတော်လေးကို အကျိုးပြုနေခဲ့တဲ့ တိုက်စစ်ကစားသမားသစ် ဂျိုတာကလည်း ဒဏ်ရာကြောင့်ပဲ အနားယူနေရပါတယ်။ ခံစစ်ပိုင်း ဒဏ်ရာပြသာနာတွေကြောင့် လီဗာပူးလ်ဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖာဘင်ဟို ဟန်ဒါဆန်တို့ကို ခံစစ်မှာ ပြောင်းလဲသုံးစွဲခဲ့ရသလို လူငယ်နောက်ခံကစားသမားလေးတွေဖြစ်တဲ့ နက်တ်ဖီးလစ် ရွိုင်းဝီလီယံစ်တို့ကိုပါ နေရာပေးလာခဲ့ရပါတယ်။ အခုတော့ မာတစ်ရဲ့ဒဏ်ရာ စောစောစီးစီး သက်သာလာနိုင်ခဲ့တာကြောင့် ယူနိုက်တက်နဲ့ပွဲမှာ ပြန်လည်အသုံးပြုလာဖွယ် ရှိနေသလို ဗဟိုခံစစ်ပိုင်းမှာ ဖာဘင်ဟိုနဲ့ တွဲဖက်ပေးဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဒီရာသီမှ အိုလံပီယာကော့စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂရိဘယ်နောက်ခံကစားသမား ဆီမီကတ်စ်ဟာလည်း ဒဏ်ရာကနေ သက်သာနေပြီဖြစ်လို့ လီဗာပူးလ်ရဲ့လူအင်အား ပိုမိုတောင့်တင်းလာနိုင်သလို ယူနိုက်တက်နဲ့ပွဲမှာလည်း သီယာဂိုအယ်ကန်တာရာကို ပွဲထွက်ကစားသမားအဖြစ်နဲ့ပါ အသုံးပြုဖွယ် ရှိနေပါတယ်။

The post အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ နောက်ခံလူမာတစ် မန်ယူနဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ်ရှိနေ appeared first on MySport Myanmar.