ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဒီနေ့ညမှာ ဂရန်နာဒါအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လာလီဂါချန်ပီယံ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေသေးဖို့အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ရယူဖို့ လိုအပ်နေပြီး ခြေချော်သွားခဲ့မယ်ဆိုရင်တော့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ အမှတ်ကွာဟချက် ပိုမိုမြင့်မားသွားနိုင်မှာဖြစ်လို့ အနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Photo Credit : Liga Olahraga

ဒီလို အရေးပါတဲ့ ပွဲစဉ်အတွက် လူစာရင်း ထုတ်ပြန်လာခဲ့ရာမှာတော့ အံ့အားသင့်စရာကောင်းတာက ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ဖာလန်းမန်ဒီရဲ့နေရာမှာ အစားထိုး ပါဝင်နိုင်တဲ့ ဝါရင့်နောက်ခံလူကြီး မာဆယ်လိုကို လူစာရင်းကနေ ချန်လှပ်ထားတာပါပဲ။ အတွေ့အကြုံရင့် နောက်ခံအစွန်လူ မာဆယ်လိုကို ချန်လှပ်ပြီး ပွဲအတွေ့အကြုံ နုနယ်နေသေးတဲ့ လူငယ်ကစားသမားလေးတစ်ဦးကို ရွေးချယ်လိုက်တာဟာ ရီးယဲလ်နည်းပြ ဇီဒန်းနဲ့ မာဆယ်လိုတို့ကြားမှာ မပြေလည်မှုတွေ ငြင်းခုန်မှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာကြပါတယ်။

Photo Credit : News in 24 English

အသက်(၃၃)နှစ်အရွှယ်ရှိ ဘရာဇီးဝါရင့်နောက်ခံလူ မာဆယ်လိုဟာ နည်းပြဇီဒန်းရဲ့ နည်းစနစ်တွေနဲ့ ကစားသမားရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ဇီဒန်းနဲ့ အငြင်းအခုန်တွေ ပြောဆိုခဲ့တာကြောင့် ဇီဒန်းက သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ဇီဒန်းက အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားပေးခဲ့တဲ့ သက်တမ်းရင့် ကစားသမားကြီး မာဆယ်လိုထက် ပြင်သစ်နောက်ခံလူ မန်ဒီကိုပဲ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာပိုပေးနေတာကို မာဆယ်လိုဘက်ကနေ မကျေမနပ် ဖြစ်နေရပါတယ်။ စပိန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်အတွင်း မာဆယ်လိုနဲ့ ဇီဒန်းတို့ ကတောက်ကဆ ဖြစ်ခဲ့ကြရပြီး ဒီဖြစ်ရပ်ကြောင့် ဇီဒန်းက မာဆယ်လိုကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ ဇီဒန်းက မာဆယ်လိုအစား အသင်းရဲ့ အကယ်ဒမီထွက် လူငယ်နောက်ခံကစားသမားလေး မီဂွယ်ဂူတီယာရက်ဇ်ကိုသာ ဘယ်နောက်ခံနေရာအတွက် ရွေးချယ်လာခဲ့ပါတယ်။ လက်ရှိအခြေအနေတွေအရ မာဆယ်လိုဟာ လာမယ့်နွေစျေးကွက်မှာပဲ ရီးယဲလ်အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေရသလို ဇီဒန်းကလည်း သူ့ကို အသင်းကနေ ရောင်းထုတ်သွားချင်နေပါတယ်။

The post ဇီဒန်းနဲ့ အငြင်းအခုံ ဖြစ်ခဲ့တဲ့ အကျိုးဆက်ကြောင့် လူစာရင်းကနေ ချန်လှပ်ခံလိုက်ရတဲ့ မာဆယ်လို appeared first on MySport Myanmar.