မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွေ့စျေးကွက်တုန်းက ခံစစ်ပိုင်းကို ထပ်မံအားဖြည့်တင်းဖို့အတွက် အင်တာမီလန်အသင်းရဲ့ လူငယ်နောက်ခံကစားသမားလေး အလက်ဆန်ဒယိုဘက်စတိုနီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အီတလီအ​ခြေစိုက် Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Corriere

လာမယ့် ဧပြီလမှ  အသက် (၂၂)နှစ်ပြည့်မယ့် အီတလီလက်ရွေးစင် ခံစစ်ကစားသမားလေး ဘက်စတိုနီဟာ အီတလီကစားသမားကောင်းတွေ မွေးထုတ်နေတဲ့ အတ္တလန်တာ လူငယ်အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့အရည်အချင်းကို သိရှိလာတဲ အင်တာမီလန်အသင်းက ၂၀၁၇ ခုနှစ်မှာပဲ ဘက်စတိုနီကို ယူရို (၃၁)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘက်စတိုနီဟာ အင်တာမှာ ချက်ချင်းပါဝင်ခွင့် မရရှိခဲ့ပဲ အသင်းဟောင်း အတ္တလန်တာနဲ့ ပါးမားအသင်းတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ၂၀၁၉မှာတော့ သူရဲ့အင်တာကစားသမားဘဝကို ပီပီပြင်ပြင် စတင်ခွင့်ရလာခဲ့ပါတယ်။

Photo Credit : Passioneinter

လက်ရှိမှာတော့ ဘက်စတိုနီဟာ အင်တာမီလန်အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်ဖြစ်လို့နေပြီး ဒီရာသီမှာလည်း အသင်းနဲ့အတူ အီတလီစီးရီးအေ ချန်ပီယံဖြစ်လာဖို့ နီးစပ်နေပါတယ်။ စီနီယာကစားသမားကြီး ဘနူချီရဲ့ကစားဟန်နဲ့ ဆင်တူတယ်လို့ ချီးမွမ်းခံနေရတဲ့ ဘက်စတိုနီကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွေ့မှာတော့ မန်စီးတီးအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် အင်တာဘက်ကတော့ ဒီကမ်းလှမ်းမှုကို ချက်ချင်းပယ်ချသွားခဲ့ပြီး ဘက်စတိုနီကိုလည်း လုံးဝရောင်းချမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ခံစစ်ပိုင်းမှာ ရူဘင်ဒီယက်စ် ဂျွန်စတုန်းစ် လာပေါ့တ်တို့လို အမာခံကစားသမားတွေ ရှိနေပေမယ့် စပိန်နောက်ခံလူ အဲရစ်ဂါဆီယာကို လက်လွတ်ရတော့မှာဖြစ်သလို နာသန်အကီရဲ့ခြေစွမ်းကိုလည်း အားမရတာကြောင့် ဘက်စတိုနီကို ကမ်းလှမ်းရတာဖြစ်သလို နည်းပြပတ်ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘနူချီရဲ့ ကစားပုံနဲ့ ဆင်တူတာကြောင့်လည်း ဘက်စတိုနီကို စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

The post ဆောင်းစျေးကွက်အတွင်း အင်တာနောက်ခံလူ ဘတ်စတိုနီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတဲ့ မန်စီးတီး appeared first on MySport Myanmar.