မန်ချက်စတာစီးတီးအသင်းကတော့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ ဖေးလ်ဖိုဒန်ကို စာချုပ်သစ်တစ်ရပ် ထပ်မံကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပြီး လက်ရှိ ဖိုဒန်ရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုမြင့်မားတဲ့ လစာတစ်ရပ်နဲ့ပါ ကမ်းလှမ်းမှုကို ပြုလုပ်သွားမှာဖြစ်လို့ ဖိုဒန်ဘက်ကနေလည်း ဒီကမ်းလှမ်းချက်ကို သဘောတူလက်ခံနိုင်လိမ့်မယ်လို့ မန်စီးတီးအသင်းဘက်ကနေ ယုံကြည်လျက်ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖိုဒန်ဟာ ငယ်စဉ်ကတည်းက မန်စီးတီးအသင်းကို အားပေးလာခဲ့တာဖြစ်ပြီး မန်စီးတီးလူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဖိုဒန်ဟာ မန်စီးတီးစီနီယာအသင်းအတွက်ကိုတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ စတင်ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကကွင်းလယ်လူ ဒေးဗစ်ဆေးဗား မရှိတော့တဲ့ ဒီနှစ်ရာသီမှာတော့ ဖိုဒန်ဟာ အသင်းအတွက် ပွဲပေါင်းများစွာ ပါဝင်ကစားခဲ့ရသလို ဒေါ့မွန်နဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း သူရဲ့သွင်းဂိုးတွေနဲ့ မန်စီးတီးတို့ နောက်တစ်ဆင့်ကို တတ်လှမ်းခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို အသင်းအတွက် အကျိုးပြုနေတဲ့ ကစားသမားလေး ဖိုဒန်ကို မန်စီးတီးအသင်းဘက်ကနေ နောက်ထပ်စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပြီး ဖိုဒန်လက်ရှိရနေတဲ့ လုပ်ခလစာ (၃)သောင်းကနေ လစာ(၁)သိန်းအထိ တိုးမြှင့်ပေးသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဖိုဒန်ကို လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက စာချုပ်သက်တမ်း တိုးခဲ့သေးတာဖြစ်ပေမယ့် အခုတစ်ကြိမ်ပါ ထပ်မံသက်တမ်းတိုးချင်နေတာဖြစ်ပြီး ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖွယ် ရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၁)ပွဲအထိကို ပါဝင်ကစားထားရတဲ့ ဖိုဒန်ဟာ အသင်းအတွက်ကိုလည်း သွင်းဂိုး(၁၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတဲ့ ဖိုဒန်ဟာ သူရဲ့တမူထူးခြားလှတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၀ ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲရဖို့ အခြေအနေ ကောင်းမွန်နေသလို ဒီရာသီမှာလည်း မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် အက်အေဖလား လိဂ်ဖလားနဲ့ ဥရောပချန်ပီယံလိဂ်ဖလား အားလုံးတို့ကို ရယူပိုင်ဆိုင်သွားဖို့အတွက် အခြေအနေ အထူးကောင်းနေပါတယ်။

The post ဖိုဒန်ကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ယုံကြည်လျက်ရှိနေတဲ့ မန်စီးတီး appeared first on MySport Myanmar.