မန်ချက်စတာယူနိုက်တက်အသင်းက အသင်းရဲ့ ့ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့ပတ်သက်ပြီး ခေါင်းခဲရမယ့် အရေးကိစ္စတွေနဲ့ ရင်ဆိုင်နေရလျက် ရှိပါတယ်။ လတ်တလောမှာ အနာဂတ် အခြေအနေတွေ လှုပ်ခတ်လို့နေတဲ့ ပေါ့ဘာကို နွေစျေးကွက်အတွင်းမှာသာ အသင်းကနေ တခြားအသင်း တစ်သင်းသင်းဆီကို ထွက်ခွာခွင့် ပြုလိုက်မယ်ဆိုရင်တောင် ယူနိုက်တက်ဘက်ကနေ ပေါ့ဘာအတွက် လက်ကျန်တစ်နှစ်စာ လုပ်ခအဖြစ် ပေါင်(၁၅)သန်းကို ဆက်လက်ပေးချေသွားရဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

တကယ်တော့ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားချင်နေတာဖြစ်ပြီး တစ်ပတ်ကို ပေါင်(၄)သိန်းပေးကာ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကစားသမားဘက်ကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အခုထိကို ရေရေရာရာ မဆုံးဖြတ်ရသေးပဲ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့မလိုလို ယူနိုက်တက်နဲ့ပဲ သက်တမ်းတိုးမလိုလို ဝေခွဲမရ ဖြစ်နေပါတယ်။ ဒီလို အခြေအနေမှာ ယူနိုက်တက်အသင်းကလည်း ပေါ့ဘာနဲ့ပတ်သက်ပြီး တော်တော်ခေါင်းခဲရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပြီး ပေါ့ဘာကို အသင်းနဲ့ သက်တမ်းမတိုးနိုင်ဘူးဆိုရင် ဆုံးရှုံးစရာတွေနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။

Photo Credit : The Sun

အပေါ်မှာ ဖော်ပြခဲ့သလို ပေါ့ဘာကို သူပြောင်းရွှေ့ချင်နေတဲ့ ကလပ်အသင်းတစ်ခုဆီ ရောင်းချလိုက်မယ်ဆိုရင် သူ့ကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထက်ဝက်လောက်ကိုသာ ရရှိတော့မှာဖြစ်သလို ရောင်းချလိုက်ရင်လည်း အသင်းနဲ့ စာချုပ်သင်တမ်းက တစ်နှစ်ကျန်ရှိနေသေးတဲ့အတွက် အဲ့ဒီတစ်နှပ်လုပ်ခကိုပါ ပေါ့ဘာကို ပေးချေရဦးမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အသင်းမှာ လက်ကျန်တစ်ရာသီ ဆက်လက်ထားရှိဦးမယ်ဆိုရင်လည်း လာမယ့် ၂၀၂၂ နွေစျေးကွက်ထဲမှာ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက်တော့ တကယ့်ကို စဉ်းစားရကျပ်တဲ့ အနေအထား ဖြစ်နေရသလို အသက်(၂၈)နှစ်တောင် ရှိနေပြီဖြစ်တဲ့ ပေါ့ဘာအနေနဲ့ သူရဲ့ကစားသမားဘဝအတွက် အချိန်ကောင်းတစ်ခုကို ရောက်ရှိနေချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို သေသေချာချာ ချမှတ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လတ်တလော သတင်းတွေအရတော့ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ နွေစျေးကွက် ပြင်ဆင်မှုတွေ အားရနေတဲ့အပြင် ပြင်သစ်အသင်းဖော် ဗာရန်းနဲ့လည်း ကလပ်တစ်သင်းတည်းမှာ တွဲဖက်ကစားရတော့မှာဖြစ်လို့ ယူနိုက်တက်နဲ့ပဲ ဆက်လက် လက်တွဲနိုင်တယ်လို့ သိရှိရပါတယ်။