ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၆နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမားတဦး ဖြစ်သလို လက်ရှိမှာ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုနဲ့လည်း ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် ရာသီကုန်မှာ အသင်းပြောင်းဖို့ သတင်းကြီးနေသူပါ။

Photo Credit: Express

ရိုနယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ကစားထားရာ သွင်းဂိုး ၃၂ဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပေမယ့် ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ကျေနပ်ခြင်း မရှိသေးသလို ဂျူဗင်တပ်အသင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဟာလည်း ရိုနယ်ဒိုကို မလိုလားတဲ့ သတင်းတွေဟာ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။ အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Gazzetta dello Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ထံ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Express

ရိုနယ်ဒိုဟာ အသက် ၃၆နှစ် ရှိနေပြီ ဖြစ်သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့မယ့် ကစားသမား ဖြစ်တာကြောင့် ဂျူဗင်တပ်အသင်းဟာ သူ့ကို ရောင်းချလိုနေပြီး ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းခန့် ရရှိရုံနဲ့ ရောင်းချနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုနေပါတယ်။ တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး အသင်းမှာ ရှိတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေး များနေတာကြောင့် အခုချိန်အထိ ထိပ်တန်း ဂိုးသွင်းခြေကို ထိန်းထားနိုင်တဲ့ ရိုနယ်ဒိုကို အသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

The post စီရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ယူအသင်း appeared first on MySport Myanmar.