မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် ဝက်စ်ဟမ်းနဲ့ကစားခဲ့ရတဲ့ အက်အေဖလားပွဲနဲ့ ဝက်စ်ဘရွန်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့အပြင် ဒဏ်ရာအခြေအနေက ထင်ထားတာထက် အနည်းငယ်ပိုဆိုးနေတာကြောင့် ဖေဖော်ဝါရီလအတွင်းမှာ ယူနိုက်တက်အသင်း ကစားရဖို့ ကျန်ရှိနေသေးတဲ့ ပွဲစဉ်တွေအားလုံးကို လွဲချော်ရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening Standard

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားရင်း ပေါင်ဒဏ်ရာရသွားခဲ့လို့ ပထမပိုင်း ပွဲကစားချိန် မပြီးဆုံးခင်မှာပဲ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရသလို ဆေးစစ်မှုတွေအရလည်း ပေါ့ဘာအနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူရဖွယ် ရှိတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ ပေါ့ဘာဟာ (၂၈)ရက်နေ့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖွယ် ရှိနေတယ်လို့ သုံးသပ်ထားခဲ့ကြပေမယ့်လည်း သူရဲ့ဒဏ်ရာအခြေအနေက ပိုဆိုးနေတာကြောင့် မတ်လဆန်းပိုင်းမှာ ကစားရမယ့် ပွဲအနည်းငယ်ကိုပါ ထပ်မံလွဲချော်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Busby Babe

ပေါ့ဘာဟာ သူရဲ့ဒဏ်ရာပြသာနာကြောင့် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ် (၂)ကျော့စလုံးကို လွဲချော်ရတော့မယ့်အပြင် နယူးကာဆဲလ် ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ လွဲချော်ရဖို့ အခြေအနေများလို့နေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကိုယ်တိုင်ကလည်း ဒဏ်ရာအခြေအနေရှိနေတဲ့ ပေါ့ဘာကို အရဲစွန့် အသုံးပြုသွားမှာမဟုတ်ပဲ ကြံခိုင်မှုပြည့်ဝချိန်မှသာ အသင်းမှာ ပြန်သုံးသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ပေါ့ဘာ ဒဏ်ရာရနေချိန်ဖြစ်လို့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ မာတစ်နဲ့ ဗန်ဒယ်ဘိခ်တို့ နေရာပြန်ရလာဖွယ် ရှိနေသလို ဆိုးလ်ရှားကလည်း ယူနိုက်တက်လူငယ်အသင်းက ကစားသမားတချို့ကို စီနီယာအသင်းကြီးဆီ ပို့ဆောင်ထားတာဖြစ်လို့ ဒီကစားသမားလေးတွေလည်း ပွဲတချို့မှာ ပါဝင်ကစားရဖွယ် ရှိနေပါတယ်။ ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၂၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄)ဂိုး သွင်းယူထားခဲ့ကာ (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

The post သတ်မှတ်ထားတဲ့ရက်ထက် ပိုမိုအနားယူရဖွယ်ရှိနေတဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာ appeared first on MySport Myanmar.