ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်ပွဲတစ်လေမှကို ပါဝင်ကစားခွင့် မရရှိထားခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဆာဂျီယိုရိုမဲရိုးကို ယူနိုက်တက်နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းသစ် ရိုးမားအသင်းအတွက် ခေါ်ယူချင်နေပြီး လာမယ့်နွေစျေးကွက်ထဲမှာ အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြထားပါတယ်။

Photo Credit : Daily Mail

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနား ဝါရင့်ဂိုးသမားကြီး ရိုမဲရိုးဟာ ယူနိုက်တက်အသင်းကို နည်းပြဟောင်း လူးဝစ်ဗန်ဟား ကိုင်တွယ်ခဲ့စဉ် ၂၀၁၅ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပေမယ့်လည်း ဒေးဗစ်ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခဲ့ရတာဖြစ်သလို ဒီရာသီမှာဆိုရင်လည်း အသင်းအတွက် တစ်ပွဲမှကို ပါဝင်ရခြင်းမရှိပဲ အနာဂတ်ပျောက်ဆုံးနေရပါတယ်။ ရိုမဲရိုးဟာ ရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးရတော့မှာဖြစ်လို့ သူ့စိတ်ကြိုက် ကလပ်အသင်းတစ်ခုဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်ပြီဖြစ်ပြီး ရိုမဲရိုးကို မော်ရင်ဟိုက သူရဲ့အသင်းသစ် ရိုးမားဆီ အရခေါ်ဆောင်သွားချင်နေပါတယ်။

Photo Credit : Daily Mail

ရိုမဲရိုးနဲ့ မော်ရင်ဟိုတို့နှစ်ယောက်ဟာ ယူနိုက်တက်အသင်းမှာ (၂)ရာသီခွဲနီးပါးလောက် လက်တွဲခဲ့ကြဖူးပြီး ဆရာတပည့်နှစ်ယောက်ရဲ့ ကြိုးစားခဲ့မှုတွေနဲ့ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါကြောင့် မော်ရင်ဟိုဟာ ရိုးမားအသင်းအတွက် ရိုမဲရိုးကို ခေါ်ယူချင်နေတာဖြစ်သလို ရိုမဲရိုးကိုယ်တိုင်ကလည်း (၄)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီအေကို ပြန်သွားဖို့ ဆန္ဒရှိလို့နေပါတယ်။ ရိုမဲရိုးဟာ ယူနိုက်တက်ကို မရောက်လာခင်တုန်းက စီးရီးအေကလပ် ဆမ်ဒိုးရီယားအသင်းမှာ ပါဝင်ကစားခဲ့ဖူးသလို အီတလီနိုင်ငံကူးလက်မှတ်ကိုပါ ကိုင်ဆောင်ခွင့်ရထားသူလည်းဖြစ်ပါတယ်။ သူနဲ့ နည်းပြမော်ရင်ဟိုကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေ ရှိလို့နေတာကြောင့် မော်ရင်ဟိုသာ အသေအချာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အခြားတွေထက် ရိုးမားအသင်းကို ဦးစားပေးရွေးချယ်လာနိုင်ပါတယ်။ မော်ရင်ဟိုကတော့ ရိုမဲရိုးအပြင် သူရဲ့ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ ဟွမ်မာတာနဲ့ ဒေးဗစ်ဒီဂီယာတို့ကိုလည်း ပစ်မှတ်ထားလို့နေပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ဒီဂီယာနဲ့ ရိုမဲရိုးတို့အပြင် လီဂရန့်ကိုပါ အသင်းကနေ အသင်းကနေ ရောင်းထုတ်ပြီး ဗီလာဂိုးသမား တွမ်ဟီတန်ကို ပြန်လည်ခေါ်ယူသွားဖို့ နီးစပ်လျက်ရှိနေပါတယ်။

The post မန်ယူမှာ အနာဂတ်မရှိတော့တဲ့ ရိုမဲရိုးကို ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်နေတဲ့ မော်ရင်ဟို appeared first on MySport Myanmar.