မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ခံစစ်ပိုင်းကို ကျစ်လစ်တောင့်တင်းနေစေဖို့အတွက် နွေစျေးကွက်အတွင်းမှာ ခံစစ်မှူးသစ်တွေ ခေါ်ယူဖို့ရှိနေပြီး နောက်ခံကစားသမား အများအပြားကိုလည်း ပစ်မှတ်ထားနေလျက်ရှိရာ လတ်တလောမှာလည်း လက်စတာစီးတီးအသင်းရဲ့ လူငယ်နောက်ခံကစားသမား ဝက်စ်လေဖိုဖာနာကိုပါ ချဉ်းကပ်မှုတွေ ပြုလုပ်နေခဲ့တယ်လို့ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Leicester Mercury

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ပြင်သစ်နောက်ခံကစားသမားလေး ဖိုဖာနာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ လီဂူးကလပ် စိန့်အက်တီယန်အသင်းကနေ လက်စတာကို ပေါင်(၃၆.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီအတွင်းမှာလည်း လက်စတာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၂)ပွဲအထိကို ပါဝင်ကစားထားပါတယ်။ ဗဟိုခံစစ်နေရာမှာ ပါဝင်ကစားတတ်တဲ့ ဖိုဖာနာဟာ အသင်းမှာ ခြေစွမ်းပြနေလျက် ရှိတာကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ ပစ်မှတ်ထားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်အသင်းဟာ လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် နောက်ခံလူအသစ်တွေကို ခေါ်ယူဖွယ်ရှိနေပြီး အသင်းရဲ့ အဝယ်စာရင်းထဲမှာ ဖိုဖာနာလည်း ပါဝင်လာခဲ့ရပါတယ်။ ဒါပေမယ့် လက်စတာဘက်က သူတို့ရဲ့ ပြင်သစ်ယူ-၂၁ ကြယ်ပွင့်လေးကို အသင်းကနေ အလွယ်တကူ လက်လွတ်သွားဖို့ ဆန္ဒမရှိသလို တကယ်လို့ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတွေကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်မှာ သေချာနေပါတယ်။ ဒါကြောင့် ယူနိုက်တက်ဘက်ကနေ ဖိုဖာနာကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်စတာဘက်နေ သူတို့ကစားသမားအတွက် ကစားသမားဟောင်း ဟယ်ရီမက်ဂွိုင်းရားကို ရောင်းချခဲ့စဉ်တုန်းက တန်ကြေးမျိုးအတိုင်း တောင်းဆိုလာနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ခံစစ်ပိုင်းအတွက် ဖိုဖာနာအပြင် ရာမို့စ် ဗာရန်း ကူလီဘလီ ကွန်နာဒီတို့လို ခံစစ်မှူးတွေကိုလည်း ပစ်မှတ်ထားလျက် ရှိနေပြီး အသင်းရဲ့နောက်ခံလူ အဲရစ်ဘိုင်လီကတော့ နွေစျေးကွက်မှာ အသင်းနဲ့ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

The post လက်စတာနောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့တဲ့ မန်ယူ appeared first on MySport Myanmar.