အခုဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အာမတ်ဒီယဲလ်လိုဆိုတဲ့ လူငယ်လေးတစ်ဦးကိုပဲ ခေါ်ယူထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ထပ်ကစားသမား ခေါ်ယူမှုတွေကို ထပ်မံမလုပ်ဆောင်သေးပေမယ့်လည်း သူတို့အသင်းရဲ့ ထုံးစံအတိုင်း စျေးကွက်တိုင်းမှာ ကစားသမားပေါင်းစုံနဲ့ သတင်းတွေကတော့ ထွက်နေမြဲဖြစ်ပြီး လတ်တလောမှာတော့ ဘွန်ဒစ်လီဂါကလပ် ဟော့ဖန်ဟင်မ်အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတော့ပ်ဘန်ဂတ်ဒ်နာဆိုတဲ့ ကစားသမားလေးနဲ့ပါ သတင်းတွေ ထွက်လာခဲ့ရပါတယ်။

Photo Credit : Liverpool Core

အသက်(၂၁)နှစ်အရွှယ်ရှိ သြစတြီးယားကွင်းလယ်ကစားသမား ဘန်ဂတ်ဒ်နာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဟော့ဖန်ဟင်မ်အသင်းအတွက် ခြေစွမ်းပွဲနေသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ပါဝင်ကစားထားသလို သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇)ကြိမ်အထိ လုပ်ဆောင်လို့ထားပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဘန်ဂတ်ဒ်နာဟာ ဒီရာသီမှာ ဟော့ဖန်ဟင်မ်အတွက် ဘွန်ဒစ်လီဂါ ပွဲအားလုံးနီးပါးကို ပါဝင်ကစားထားနိုင်ခဲ့ပြီး အာမီးနီးယားနဲ့ ပွဲတစ်ပွဲကိုပဲ အဝါကတ်ပြစ်ဒဏ်ကြောင့်သာ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဆိုပေမယ့်လည်း လိုအပ်ရင် ဘယ်တောင်ပံကိုလည်း ထွက်ကစားတတ်သလို တိုက်စစ်မှူးနဲ့ နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ပြောင်းလဲကစားတတ်သူဖြစ်ပါတယ်။

Photo Credit : Archyde

အသက်(၁၆)နှစ်သားလောက်ကတည်းက ဟော့ဖန်ဟင်မ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒီကစားသမားလေးကို “မိုက်ကယ်ဘောလက်ပေါက်စလေး” လို့ပါ တင်စားခေါ်ဆိုနေကြပြီး ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက မျက်စိကျလို့နေပါတယ်။ ဘန်ဂတ်ဒ်နာဟာ ဟော့ဖန်ဟင်မ်လူငယ်အသင်းမှာ ပါဝင်ကစားနေရင်းကနေ အသင်းရဲ့နည်းပြဟောင်း ဂျူလီယန်နာဂယ်စ်မန်း(လက်ရှိ လိုက်ပ်ဇစ်နည်းပြ)က စီနီယာအသင်းမှာ ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘန်ဂတ်ဒ်နာဟာ ဟော့ဖန်ဟင်မ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ပင် ဖြစ်လို့နေပြီး သူရဲ့ဟော့ဖန်ဟင်မ် စီနီယာကြီးတွေဖြစ်တဲ့ ရောဘတ်တိုဖာဘီနို ဂျိုးလင်တန်တို့လို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက်ကစားဖို့ပါ အခွင့်အရေး ရလို့နေပြီဖြစ်ပါတယ်။ ဘန်ဂတ်ဒ်နာရဲ့ ဟော့ဖန်ဟင်မ်အသင်းကတော့ လက်ရှိ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားအတွင်း အဆင့်(၁၁)နေရာမှာ ရပ်တည်လို့နေပြီး ယူရိုပါလိဂ်ဘက်မှာတော့ (၃၂)သင်းအဆင့်ထိကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ကစားသမားလေးရဲ့ လက်ရှိတန်ကြေးက ယူရို(၁၈)သန်းခန့်ရှိနေပြီး ဖာနန်ဒက်စ်နဲ့ ဗန်ဒယ်ဘိခ်တို့လို တိုက်စစ်အားသန် ကွင်းလယ်လူတွေရှိနေတဲ့ ယူနိုက်တက်အသင်းဘက်ကရော ဘန်ဂတ်ဒ်နာကို အမှန်တကယ် အလိုရှိပါ့မလားဆိုတာကတော့ မေးခွန်းထုတ်ချင်စရာ ဖြစ်လို့နေပါတယ်။

The post ဟော့ဖန်ဟင်မ်အသင်းရဲ့ သြစတြီးယားကွင်းလယ်လူကို စိတ်ဝင်စားလျက်ရှိနေတဲ့ ယူနိုက်တက် appeared first on MySport Myanmar.