ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကို လုပ်ခလစာ မြှင့်ပေးကာ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်တော့မှာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ခါစမှာပဲ အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့ကာ ကာလတို အတွင်းမှာပဲ အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့သူပါ။

Photo Credit: Mirror

ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ၁ရာသီခွဲကာလ အတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇၉ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၄၀ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဖာနန်ဒက်ကို အသင်းရဲ့ မရှိမဖြစ် ကစားသမားတဦး အဖြစ် သတ်မှတ်ထားပြီး အသင်းမှာ ကာလရှည် ဆက်ရှိနေအောင် စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ အသင်းကို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်ရဲ့ အေးဂျင့်ဖြစ်သူ ပင်တိုဟာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ မန်ချက်စတာမြို့ကို လာရောက်ခဲ့ပြီး ဖာနန်ဒက်ရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Mirror

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဖာနန်ဒက်ဟာ စာချုပ်သစ်ကို ချုပ်ဆိုပြီးပါက တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ အထိ ရရှိသွားမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်ကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့လည်း သိရှိထားရပါတယ်။ ဖာနန်ဒက်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေပြီး အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ဟာ သူ့အတွက် အဓိကကျကြောင်း ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ပြောကြားထားပါတယ်။ ဆက်စပ်သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်အသင်းရဲ့ ခံစစ်မှူး ပါအူ တောရက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၀သန်း ပေးချေကာ ခေါ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။

The post ဖာနန်ဒက်ကို လုပ်ခလစာ မြှင့်ပေးပြီး စာချုပ်သက်တမ်း တိုးနိုင်တော့မယ့် မန်ယူအသင်း appeared first on MySport Myanmar.