လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်မှာ မန်ချက်စတာယူနိုက်တက်အသင်း ဝတ်ဆင်သွားမယ့် အိမ်ကွင်း အဝေးကွင်းဝတ်စုံတွေအပြင် တတိယမြောက်ဝတ်စုံတွေရဲ့ ဒီဇိုင်းတွေဟာ အင်တာနက်စာမျက်နှာပေါ်မှာ စတင်ထွက်ပေါ်လာခဲ့ပြီး ဒီဝတ်စုံဒီဇိုင်းသစ်တွေရဲ့အပေါ် ယူနိုက်တက်ပရိသတ်အများစုရဲ့ ထင်မြင်ချက်တွေကတော့ ရောထွေးလို့နေကြပြီး အဝေးကွင်းဝတ်စုံကိုတော့ ပရိသတ်တော်တော်များများက မနှစ်သက်ကြကြောင်း မှတ်ချက်ပြုထားကြပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီကနေစတင်ပြီး ရင်ဘတ်စပွန်ဆာအဖြစ် လက်ရှိတပ်ဆင်ထားတဲ့ Chevrolet ကနေ အပြည်ပြည်ဆိုင်ရာ နည်းပညာကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ TeamViewer နဲ့ ပြောင်းလဲသွားတော့မှာဖြစ်တာကြောင့် အခုထွက်ပေါ်လာတဲ့ ဝတ်စုံဒီဇိုင်းသစ်တွေမှာ အဲ့ဒီစပွန်ဆာသစ်နဲ့ တွဲဖက်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ Adidas ကနေ ဒီဇိုင်းရေးဆွဲထားခဲ့တဲ့ ဒီဝတ်စုံတွေဟာ ယူနိုက်တက်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ ဝတ်စုံတွေမဟုတ်သေးတာကြောင့် တကယ်ဝတ်စုံအစစ်နဲ့ လွဲချော်နိုင်ပေမယ့်လည်း ဒီလိုအချိန်မှာ ထွက်ရှိလာတာဖြစ်လို့ ဒီအတိုင်းသာ ဖြစ်လာဖို့က ပိုများနေပါတယ်။

Photo Credit : The Sun

United Journal ဆိုတဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ထွက်ရှိလာခဲဲ့့တဲ့ ယူနိုက်တက်ရဲ့ ဝတ်စုံဒီဇိုင်းသစ်တွေထဲကမှ အိမ်ကွင်းဝတ်စုံကို ပရိသတ်များက သဘောကျခဲ့ပေမယ့် ၁၉၉၁ခုနှစ်ကနေ ၁၉၉၃ခုနှစ်အတွင်း ဝတ်ဆင်ဖြစ်ခဲ့တဲ့ အဝေးကွင်းပုံစံကို ပြန်လည်ဖော်ထုတ်ထားတဲ့ အပြာဖျော့ရောင် ဝတ်စုံကိုတော့ ယူနိုက်တက်ပရိသတ်တချို့က သဘောကျခြင်းမရှိကြောင်း ဝေဖန်ထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ပရိသတ်တွေက သူတို့အနေနဲ့ အသင်းရဲ့ ဂျာစီတွေကို ဝယ်ယူအားပေးဖို့ ဆန္ဒရှိနေရင်တောင်မှ သူတို့သဘောမကျတဲ့ အသင်းပိုင်ရှင် ဂလေဇာမိသားစုအတွက် သူတို့ရဲ့ပိုက်ဆံတွေကို အသုံးပြုသွားဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုထားပါတယ်။ မကြာသေးခင်ကမှ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အဆုံးသတ်ခဲ့ရတဲ့ စူပါလိဂ်ပြိုင်ပွဲကြောင့် အသင်းပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာမိသားစုအပေါ် အမျက်ဒေါသတွေ ထွက်ရှိနေသလို အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းအထိကိုပါ လာရောက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

The post လာမယ့်ဘောလုံးရာသီမှာ မန်ယူအသင်း ဝတ်ဆင်သွားမယ့် ဝတ်စုံဒီဇိုင်း(၃)ခုလုံး ပေါ်ထွက်လာခဲ့ appeared first on MySport Myanmar.