ဂျာမန်ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းကတော့ မန်စီးတီးအသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံအစွန်လူ အိန်ဂျလီနိုကို မန်စီးတီးဘက်ကနေ အငှားစာချုပ်ထဲမှာ ထည့်သွင်းထားခဲ့တဲ့ အပြီးသတ်ခေါ်ယူကြေးဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်း (ပေါင်(၁၆)သန်း)ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ရာ အဆင်ပြေသွားခဲ့ပြီဖြစ်လို့ အိန်ဂျလီနိုဟာ လိုက်ပ်ဇစ်ရဲ့ အမြဲတမ်းကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : LWDS

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်ဘယ်နောက်ခံကစားသမား အိန်ဂျလီနိုဟာ ၂၀၁၂ခုနှစ်မှာပဲ စပိန်ကနေ မန်စီးတီးလူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နယူးယော့ခ်စီးတီး ဟီရိုနာ မာယော့ကာ NAC ဘရီဒါအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရကာ ၂၀၁၈ခုနှစ်မှာပဲ PSV အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ သူ့ကို အသင်းဟောင်းမန်စီးတီးကနေ ပြန်လည်ခေါ်ယူခဲ့ပေမယ့်လည်း အသင်းမှာ နေရာသိပ်မပေးခဲ့တာကြောင့် ၂၀၂ဝခုနှစ် ဇန်နဝါရီလမှာပဲ လိုက်ပ်ဇစ်ဆီကို ရာသီကုန်အထိ အငှားနဲ့ ထွက်ခွာခဲ့ရပြန်ပါတယ်။

Photo Credit : Goal

အိန်ဂျလီနိုဟာ ဂျာမန်မြေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး လိုက်ပ်ဇစ်အသင်းကိုလည်း သမိုင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် လိုက်ပ်ဇစ်ဘက်ကနေ သူရဲ့အငှားသက်တမ်းကို နောက်ထပ်တစ်ရာသီအထိ တိုးမြှင့်ခဲ့သလို အခုလည်း အသင်း(၂)သင်းကြားမှာ သဘောတူညီထားခဲ့တဲ့အတိုင်း ယူရို(၁၈)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်ဆိုတဲ့ အချက်အလက်ကိုပါ လိုက်ပ်ဇစ်ဘက်ကနေ လက်ခံခဲ့ကာ အိန်ဂျလီနိုကို အပြီးသတ်ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လိုက်ပ်ဇစ်အသင်းရဲ့ တရားဝင်တွစ်တာစာမျက်နှာပေါ်ကနေ ထုတ်ပြန်သွားခဲ့တာဖြစ်သလို အိန်ဂျလီနိုအနေနဲ့ ဒီနေရာမှာ ၂၀၂၅ခုနှစ်အထိ ဆက်လက်ရှိနေတော့မယ်ဆိုတဲ့ စာသားကိုလည်း ရေးသားဖော်ပြသွားခဲ့ပါတယ်။ ခံစစ်ဘယ်ခြမ်းနဲ့ ဘယ်တောင်ပံနေရာတွေမှာပါ ပါဝင်ကစားတတ်တဲ့ အိန်ဂျလီနိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၉)ပွဲ ပါဝင်ကစားထားနိုင်ပြီး သွင်းဂိုး(၈)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၁)ကြိမ်အထိ လုပ်ဆောင်ထားကာ သူရဲ့အသင်းအတွက် ဂိုးပါဝင်ပတ်သတ်မှုက (၁၈)ဂိုးအထိကို ရှိလို့နေပြီး လိုက်ပ်ဇစ်အတွက် အကျိုးအပြုဆုံးကစားသမားတစ်ယောက် ဖြစ်လို့နေပါတယ်။

The post မန်စီးတီးကနေ အငှားနဲ့ခေါ်ယူထားတဲ့ အိန်ဂျလီနိုကို အပြီးသတ်ခေါ်ယူသွားနိုင်ခဲ့တဲ့ လိုက်ပ်ဇစ် appeared first on MySport Myanmar.