မန်စီးတီးအသင်းကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေလျက်ရှိနေရာ ဒေါ့မွန်အသင်းရဲ့ နော်ဝေလူငယ်တိုက်စစ်မှူးလေး အာလင်းဟာလန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနား ဝါရင့်တိုက်စစ်ကစားသမား အဂွဲရိုးဟာ မန်စီးတီးအသင်းဆီကို ၂၀၁၁ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုနီးပါးလောက်အထိ ပါဝင်ကစားခဲ့ရင်း အောင်မြင်မှုများစွာကိုပါ ရယူပေးခဲ့သူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ အဂွဲရိုးဟာ ဒဏ်ရာပြသာနာတွေကြောင့် မန်စီးတီးအသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားနိုင်ခဲ့တဲ့အပြင် သွင်းဂိုး(၃)ဂိုးလေးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေရှိနေတဲ့ အဂွဲရိုးကို မန်စီးတီးအသင်းဘက်က စာချုပ်သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် အဂွဲရိုးဟာ လာမယ့်စျေးကွက်အတွင်းမှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ခွင့် ရရှိမှာဖြစ်ပါတယ်။

Photo Credit : Goal

အဂွဲရိုး အသင်းကနေ ထွက်ခွာသွားတဲ့အခါ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်နေရာအတွက် ဂါဘရီရယ်ဂျေဆူး တစ်ယောက်တည်း ကျန်ရှိနေတော့မှာဖြစ်လို့ စျေးကွက်ဖွင့်ချိန်မှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူဖြည့်တင်းတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းဟာ အဂွဲရိုးနေရာမှာ အစားထိုးဖို့အတွက် အင်တာမီလန်တိုက်စစ်မှူး လူကာကူ စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ ဒေါ့မွန်ုတိုက်စစ်မှူး အာလင်းဟာလန်းတို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး အသက်(၂၀)ဝန်းကျင်သာ ရှိနေသေးတဲ့ နော်ဝေလက်ရွေးစင် ဟာလန်းကိုတော့ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဂိုးသွင်းအားကောင်းမွန်တဲ့ တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဇန်နဝါရီလကမှ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း အသင်းအတွက် သွင်းဂိုး(၅၀)နီးပါးလောက်အထိ သွင်းယူထားနိုင်ခဲ့တဲ့အတွက် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြသလို မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကလည်း ဟာလန်းကို ခေါ်ယူချင်လျက် ရှိနေပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းကတော့ သူတို့ရဲ့ ကစားသမားကို လာမယ့်နွေမှာ ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၈၀)အထိ သုံးစွဲရလိမ့်မယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

The post အဂွဲရိုးရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဟာလန်းကို အဓိကပစ်မှတ်ထားနေတဲ့ မန်စီးတီး appeared first on MySport Myanmar.